မြန်မာနိုင်ငံရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ရတနာပုံ ဘောလုံး အကယ်ဒမီ

မြန်မာနိုင်ငံ ဘောလုံး လောက အတွက် အဓိက အပြောင်းအလဲ တစ်ခုဖြစ်တဲ့ ဆုကြေးစား စနစ် ပြောင်းလဲ ခဲ့ခြင်း အပေါ် အပေါင်း လက္ခဏာ ဆောင်တဲ့ အမြင်တွေနဲ့ လှိုက်လှိုက် လှဲလှဲ ကြိုဆို ခဲ့သူတွေ ရှိသလို ရေရှည် ခရီးဆက်ဖို့ ခိုင်မာတဲ့ ပြင်ဆင်မှုမျိုး မရှိတဲ့ အတွက် ကမ္ဘာ့ အဆင့်မီတဲ့ အဆင့် ရောက်အောင် တိုးတက်ဖို့ မလွယ်ဘူးလို့ အဆိုး မြင်သူတွေလည်း ရှိခဲ့ကြပါတယ်။

ဒါပေမယ့် ဆုကြေးစား စနစ် ပြောင်း ပြောင်းချင်း ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရတနာပုံ အသင်း ကတော့ မြန်မာ့ ဘောလုံး အဆင့်အတန်း တိုးတက်ရေးနဲ့ မြန်မာ နေရှင်နယ်လိဂ် ဒီထက် ပိုအောင်မြင်ဖို့ အတွက် အခြေခံ အကျဆုံး ခြေလှမ်း တစ်ရပ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁-၉-၂၀၀၉ နေ့က မန္တလေး ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ရတနာပုံ အက်ဖ်စီ၊ Silver Member များရဲ့ ဒုတိယ အကြိမ် ကံစမ်းမဲ ဖွင့်ပွဲ အခမ်း အနားမှာ အသင်း ပိုင်ရှင် ဒေါက်တာ စိုင်းက ရတနာပုံ အသင်းဟာ လူငယ် မျိုးဆက် သစ်တွေ ပေါ်ထွက် လာဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ အဆင့်မီ ပရော်ဖက် ရှင်နယ် အကယ်ဒမီ ကျောင်း တစ်ခု ဖွင့်လှစ် တော့မယ်လို့ တရားဝင် အသိပေး ခဲ့ပါတယ်။

ဘာကြောင့် ဘောလုံး အသင်းနဲ့ အကယ်ဒမီကို တည်ထောင် ရသလဲ ဆိုတော့ “ကျွန်တော် ဒီအသက် ဒီအရွယ်မှာ လူမှုရေး လုပ်ဖို့ ဆုံးဖြတ် လိုက်တယ်။ ကျွန်တော့် အတွက် အခု အချိန်မှာ အလိုချင်ဆုံးက ကျန်းမာ ရေး ကောင်းဖို့ရယ်၊ အများ အကျိုး အတွက် ဘာလုပ် ပေးရမလဲ ဆိုတာ ရယ်ပါ။ ဒါကြောင့် အကယ်ဒမီ ဖွင့်ဖို့ စီစဉ် ခဲ့ရတာပါ။ တစ်ဖက်ကလည်း ကျွန်တော် ၀ါသနာပါတဲ့ စီးပွားရေးနဲ့ ပေါင်းစပ်ပြီး လုပ်ချင်တာပါ။ မကြာခင် အသင်းရဲ့ ပလက်တီနမ် မန်ဘာတွေကို ခေါ်ယူပြီး အောင်မြေ မန္တလာ ဘောလုံး ကွင်းကြီးမှာ သူတို့တွေ အရောင်းအ၀ယ် စီးပွားရေး ကိစ္စတွေ ချိတ်ဆက်ပြောဆို ဆွေးနွေး နိုင်အောင် Business Talk ခန်းမတွေ၊ ကော်ဖီ ဘားတွေ တည်ဆောက်ဖို့ စီစဉ်ထားတယ်” လို့ ဒေါက်တာစိုင်းက ရှင်းလင်း ခဲ့ပါတယ်။

ရတနာပုံ အကယ်ဒမီ အတွက် ပထမ အသုတ် သင်တန်းသား အယောက် (၆၀)ကို ရွေးချယ်ဖို့ လာမယ့် အောက်တိုဘာ လမှာ လျှောက်လွှာ တွေကို စတင် ဝေငှပြီး လုပ်ငန်းစဉ် စတင်မှာပါ။ ဒေသကြီး (၁၁)ခုက ကစားသမား တွေကို (၁)ဒေသ (၅)ယောက် ရွေးမှာ ဖြစ်ပြီး အဲဒီ ဒေသက လူငယ် အယောက် (၅၀၀)၊ ဒေသ အသီးသီးက ဆိုရင် အယောက် (၇၀၀)ကျော်ကို အကယ်ဒမီ သင်တန်း ကြီးကြပ်မယ့်  အတွေ့ အကြုံရင့် ဘရားဇီး နိုင်ငံသား နည်းပြနဲ့ အဖွဲ့က နိုဝင်ဘာ လကနေ ဇန်န၀ါရီလ ကြားကာလ အထိ ခြေစစ်ပြီး စစ်ဆေး ရွေးချယ် သွားမှာပါ။ (၅)နှစ်တာ ဘောလုံးနဲ့ ပညာရေး ပေါင်းစပ်ပြီး သင်ကြားပေးမယ့် အစီအစဉ် အတွက် ဒေါ်လာ(၁)သန်း ကုန်ကျမှာ ဖြစ်ပေမယ့် မြန်မာ့ လူမှုရေး ရှုထောင့်ကနေ ကြည့်ပြီး အခမဲ့ သင်ကြားပေးမှာ ဖြစ်သလို အဲဒီ အတွက်လည်း အချုပ်အနှောင် မထားဘူးလို့ ဆိုတယ်။ မွေးထုတ်ပေးမယ့် ကစားသမား တွေဟာ ရတနာပုံ အက်ဖ်စီ ဘောလုံး အသင်း တစ်ခုတည်း အတွက် မရည်ရွယ်ဘဲ ဒီအကယ်ဒမီဆင်း လက်မှတ် ယူပြီးရင် ကြိုက်ရာ အသင်းမှာ စာချုပ် ကစားခွင့် ပေးထားပါတယ်။ ဒါပေမယ့် သင်တန်းအတွက် အကယ်ဒမီက ကုန်ကျခဲ့တဲ့ ငွေကိုတော့ ခေါ်ယူချင်တဲ့ အသင်းက ပေးနိုင်ရမယ်လို့ ဒေါက်တာစိုင်းက ဖြေရှင်း ပြောဆိုပါတယ်။

ဒီအစီအစဉ်မှာ အဓိက ကဏ္ဍက ပါဝင်သူကတော့ လက်ရှိ ထိုင်း ပရီးမီးယားလိဂ် ကလပ် မြောင်ထောင် နည်းပြချုပ် ပြင်သစ် နိုင်ငံသား မစ္စတာ ရောဘတ် ဖြစ်ပြီး သူဟာ ရတနာပုံ အက်ဖ်စီ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ အဖြစ်လည်း တာဝန် ယူထားသလို ကမ္ဘာကျော် ဘောလုံး အကယ်ဒမီ JMG အတွက် အာရှ ဒေသမှာ အကယ်ဒမီ ကျောင်းတွေကို လိုက်လံ ဖွင့်ပေး နေသူလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ JMG ဖက်ဆက် လူငယ် အကယ်ဒမီတွေ၊ အာဆင်နယ် ဘောလုံးကျောင်းတွေ ဖွင့်ရာမှာရော ဗီယက်နမ် နိုင်ငံက ဟောင်အန်ဂယ်လိုင် ကလပ်နဲ့ JMG တို့ ပေါင်းစပ် ဖွဲ့စည်းတဲ့ အကယ်ဒမီတွေ ဖွင့်လှစ်ရာမှာ နည်းစနစ်ပိုင်း ဆိုင်ရာ အကြီးအကဲ အဖြစ် တာဝန် ယူခဲ့တာကို တွေ့ရပါတယ်။ ဒေါက်တာစိုင်းက ရတနာပုံ အက်ဖ်စီဟာ ဒရော့ဘာ၊ တိုရေး၊ ကိုနီ၊ ဇိုကိုရာ၊ ဒင်ဒန်း အစရှိတဲ့ ကမ္ဘာကျော် အိုင်ဗရီကို့စ် ကစားသမား တွေကို မွေးထုတ် ပေးခဲ့တဲ့ JMG ဘောလုံး အကယ်ဒမီနဲ့ ပါတနာ ဖွဲ့ထားတယ်လို့ ၀န်ခံ သွားပေမယ့်လည်း အခု ရတနာပုံ အက်ဖ်စီ ဖွင့်လှစ်မယ့် ရတနာပုံ ဘောလုံး အကယ်ဒမီ ကျောင်းဟာ JMG နဲ့ တိုက်ရိုက် ပတ်သတ်တာမျိုး မရှိဘဲ သူကိုင်တိုင် နည်းစနစ် ဒါရိုက်တာ အဖြစ်နဲ့ ကြီးကြပ်ပြီး သီးခြား ရတနာပုံ အက်ဖ်စီ အကယ်ဒမီ အဖြစ်နဲ့ ပေါ်ထွက် လာမှာပါလို့ ရောဘတ် ကိုယ်တိုင်က ပြောဆို သွားတယ်။

နေရာဒေသ အသီးသီးက လူငယ်တွေ များစွာကို ရွေးထုတ်ပြီး အကယ်ဒမီ သင်တန်းသား အဖြစ် ခေါ်ယူရေး အစီအစဉ်မှာ မိဘများဘက်က သဘော တူညီ သူကိုသာ ခေါ်ယူမှာပါ။ ရွေးချယ် ခံရတဲ့ လူငယ်တွေကို အောင်မြင်နေတဲ့ ကမ္ဘာ့ဘောလုံး အကယ်ဒမီကြီးတွေက နည်းစနစ် သင်ရိုးညွှန်းတမ်း၊ အသုံးအဆောင် ပစ္စည်းတွေနဲ့ အညီ သင်ကြား ပေးသွားမှာ ဖြစ်လို့ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်မယ်လို့ ယုံကြည်ကြောင်း အောက်တိုဘာ လလောက်မှာ အကယ်ဒမီ အတွက် ဘရာဇီး နည်းပြကို ခန့်မယ်ဆိုတဲ့ အကြောင်း၊ အရာရာတိုင်းဟာ  ယခုမှ အစပဲ ရှိသေးပြီး ကြီးကျယ်တဲ့ အောင်မြင်မှုကတော့ စိတ်ရှည်မှုနဲ့ ကြိုးစားမှု အပေါ် မူတည်မှာ ဖြစ်ကြောင်း အကယ်ဒမီက ကလေး တွေဟာ ပရိုတွေ ဖြစ်လာရင် မိမိ မိသားစု မိမိ ရိုးရာနဲ့ ဒေသတွေကို ကိုယ်စားပြု ကြရမှာ ဖြစ်ကြောင်း တစ်နေ့ သူတို့တွေ အဆင်မြင့်မြင့် ကစား နေတာကို ဂုဏ်ယူစွာ ကြည့်ရင်း ပီတိ အပြည့်နဲ့ ကျေနပ်နေမှာ ဖြစ်ကြောင်းလည်း ဒေါက်တာစိုင်းက လှိုက်လှိုက်လှဲလှဲ ဖွင့်ပြော ခဲ့ပါတယ်။



Myanmar National League
Alpine Drinking Water
Shark
Blue Mountain