၂၀၀၉-၁၀ မြန်နေရှင်လိဂ် အမှတ်ပေး ချန်ပီယံ ဖြစ်တော့မည့် ရတနာပုံ အက်ဖ်စီ

Attention: open in a new window. Print

ဇန်န၀ါရီလ ၁၀ရက်နေ့ ညနေက ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းတွင် ရတနာပုံ အက်ဖ်စီသည် ကမ္ဘောဇအက်ဖ်စီနှင့် MNL ပွဲစဉ်-၁၃ကို ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း ၄၁မိနစ် ကမ်ဘူးသွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ၂၀၀၉-၁၀ MNL အမှတ်ပေးဖလားကြီးကို ရရှိရန် သေချာလုနီးပါး ဖြစ်သွားပြီ ဖြစ်သည်။

ရတနာပုံ အသင်းမန်နေဂျာ မစ္စတာ ရိုဟန်က ကြိုတင်ထုတ်ဖော် ပြောကြားခဲ့သည့် ပွဲထွက် ကစားသမား စာရင်းမှ ဘာဘိုနှင့် မက်သရူးကို အပြောင်းအလဲလုပ် ပွဲထွက်စေခဲ့သည်။ ရတနာပုံ အသင်းက ကွင်းလယ်ခံစစ် (၂)ယောက်ထား ကစားခဲ့သောကြောင့် ကမ္ဘောဇအသင်း အလွယ်တကူ တိုက်စစ်ဆင်ခွင့် မရဘဲ ဘောလုံးမှာ ကွင်းလယ်တွင်သာ အပျက်များနေခဲ့သည်။ ရတနာပုံအသင်းကလည်း တိုက်စစ်ဆင်ခဲ့သော်လည်း အပိုင်အခွင့် အရေး ဖန်တီးနိုင်ခြင်း မရှိသောကြောင့် ပွဲအစတွင် အနည်းငယ် အေးနေခဲ့သည်။

ပွဲချိန် ၈မိနစ်တွင် ရတနာပုံ ဂိုးဧရိယာ အစပ်တွင် စိုးမင်းဦးကြောင့်ရသည့် အလွတ်တည်ကန်ဘောမှာ ဂိုးဘားတန်းထိ ထွက်သွားခဲ့သောကြောင့် ကမ္ဘောဇအသင်း နစ်နာခဲ့ရသည်။ ပွဲချိန် ၂၄ မိနစ်တွင် ကမ္ဘောဇနောက်ခံလူများ ဖျက်ထုတ်သည့် ဘောလုံး ရန်ပိုင်ထံ ရောက်ကာ ခေါင်းတိုက် သွင်းသော်လည်း ကမ္ဘောဇနောက်ခံလူများ ထပ်ဆင့် ဖျက်ထုတ်ခဲ့ရသည်။ ပွဲချိန် ၂၆ မိနစ်တွင် ကမ္ဘောဇအသင်း၏ တန်ပြန်တိုက်စစ်မှ ဟန်ဝင်းအောင် ချပေးသည့် ဘောလုံးကို နေဇော်ထက် ကန်ရာ အပေါ်ထောင်သွားခဲ့သည်။

ပွဲချိန်-၄၁မိနစ်တွင် ကမ္ဘောဇနောက်ခံလူများ ဖျက်ထုတ်လိုက်သည့် ဘောလုံးမှာ ကမ္ဘောဇ ကွင်းတစ်ဝက်တွင် ရှိနေသော ရတနာပုံ နောက်ခံလူ ကမ်ဘူးဆီ ရောက်သွားကာ အဝေးမှ အမှတ်မထင် ကန်သွင်းလိုက်သောကြောင့် ကမ္ဘောဇ ဂိုးသမား ကျော်ဇင်ထက် မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရသည်။ ပထမပိုင်း အပြီးတွင် ရတနာပုံ အသင်းက ၀-၁ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း အစတွင် ကမ္ဘောဇ အသင်း ချေပဂိုးရရန် ကြိုးစားခဲ့သော်လည်း ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ ပွဲချိန် ၅၈ မိနစ်တွင် ခင်မောင်လွင် ကန်တင်ပေးသည့် ဘယ်ထောင့်ကန်ဘောကို စိုးမင်းဦး နောက်ပေါက်ဖြင့် ချိတ်ကာ အမှတ်မထင် ဂိုးသွင်းယူရန် ကြိုးစားသော်လည်း ရတနာပုံ နောက်ခံလူများ ဖျက်ထုတ်နိုင်ခဲ့သည်။

ပွဲချိန် ၇၅မိနစ်တွင် ရတနာပုံအသင်း တိုက်စစ်ဆင်ကာ အောင်ကျော်မိုး ဂိုးဧရိယာထဲ အရောက် ဘောလုံးဆွဲယူသွားစဉ် ကမ္ဘောဇ နောက်ခံလူ တစ်ဦးက တွန်းခဲ့သောကြောင့် လဲကျခဲ့သော်လည်း ဒိုင်လူကြီး ဦးလှတင့်က ပင်နယ်တီ မပေးခဲ့ပေ။ ပွဲချိန် ၈၆ မိနစ်တွင် ကမ္ဘောဇမှ လူစားဝင် တိုက်စစ်မှူး စထက်နိုင်ဝင်း၏ ကန်သွင်းချက် ရတနာပုံ ဂိုးသမား ယဉ်မင်းအောင် ကာကွယ်နိုင်ခဲ့သည်။ နာကျင်အချိန်ပို ၅မိနစ် အပြီးတွင် ရတနာပုံက ၀-၁ဂိုးဖြင့် ကမ္ဘောဇကို အနိုင်ရခဲ့သည်။

ရတနာပုံ အသင်း၏ ခံစစ်ကစားပုံမှာ ကောင်းမွန်ခဲ့ပြီး အထူးသဖြင့် စိုးမင်းဦးအား ရဲဇော်ထက်အောင် လူကပ်ကစားနိုင်ခဲ့သည်။ ယ္ခုပွဲ အနိုင်ကြောင့် ရတနာပုံ အသင်းသည် ၂၀၀၉-၁၀ မြန်မာနေရှင်နယ် လိဂ် ပြိုင်ပွဲ ပြီးဆုံးရန် တစ်ပွဲအလို အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဒုတိယနေရာမှ ဒယ်လ်တာအထက် ၃ မှတ်အသာဖြင့် ဦးဆောင်နေကာ ချန်ပီယံဖြစ်ရန် သေချာလုနီးပါးရှိလာခဲ့သည်။

ကမ္ဘောဇ ၀-၁ ရတနာပုံ (မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၁၃)
                  ကမ္ဘူး-၄၁


ကွင်းလယ်ဒိုင်လူကြီး-ဦးလှတင့်
စည်းကြပ်ဒိုင်(၁)-ဦးမျိုးဝင်း
စည်းကြပ်ဒိုင်(၂)-ဦးမင်းသန်း

ကမ္ဘောဇ အသင်း
အသင်းမန်နေဂျာ - ဦးမောင်မောင်လောက်
နည်းပြ - ဦးသန်းထိုက်
အသင်းခေါင်းဆောင် - ခင်မောင်လွင်
ပါဝင်ကစားသူများ - ကျော်ဇင်ထက်-၁၊ ဟန်ဝင်းအောင်-၂၊ အေးဆန်း-၃၊ အောင်ကျော်ဦး-၄ (၈၅မိနစ် မင်းမင်းထွန်း-၆ ၀င်)၊ ဥာဏလွင်-၅(၆၄မိနစ် ထက်အောင်-၁၁ ၀င်)၊ ၀င်းမင်းထွဋ်-၇၊ ခင်မောင်လွင်-၈၊ နေဇော်ထက်-၁၅၊ စိုးမင်းဦး-၂၁၊ မိုးဝင်း-၃၀၊ ကျော်သီဟ-၃၉(၇၈မိနစ် စထက်နိုင်ဝင်း-၉ ၀င်)။

ရတနာပုံ အသင်း
အသင်းမန်နေဂျာ - မစ္စတာရိုဟန်
နည်းပြ - ဦးဇော်လေးအောင်
အသင်းခေါင်းဆောင် - ခင်မောင်ထွန်း
ပါဝင်ကစားသူများ-ယဉ်မင်းအောင်-၁၊ ကမ်ဘူး-၃၊ ခင်မောင်ထွန်း-၇(၂၀မိနစ် ရဲဇော်ထက်အောင်-၁၄ ၀င်)၊ ရန်ပိုင်-၉၊ ထွန်းထွန်းဝင်း-၁၀၊ ပိုင်စိုး-၁၁၊ ဂနိုစီယမ်-၁၃၊ ချစ်စမ်းမောင်-၁၅၊ အောင်ကျော်မိုး-၁၉၊ မက်သရူး-၂၈(၅၅မိနစ် ဘာဘို-၂၅ ၀င်၊ ကျော်ခိုင်ဝင်း-၃၃။
Myanmar National League
Alpine Drinking Water
Shark
Blue Mountain