ရတနာပုံ အက်ဖ်စီ၏ နံပါတ် ၁၂ ဂျာစီအား မည်သည့် ကစားသမားကိုမျှ ၀တ်ဆင်စေခြင်း မပြုတော့ပဲ ပရိသတ်များကို ဂုဏ်ပြုမည်ဟု အသင်းဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း အတည်ပြု

Attention: open in a new window. Print

ရတနာပုံ ပရိသတ်များကို ဂုဏ်ပြုသောအားဖြင့် အသင်း၏ နံပါတ် ၁၂ ဂျာစီအား မည်သည့် ကစား သမားကိုမျှ ၀တ်ဆင်စေတော့မည် မဟုတ်ကြောင်း ရတနာပုံ အက်ဖ်စီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၂၆ရက်နေ့တွင် ရတနာပုံ အက်ဖ်စီ ၀က်ဘ်ဆိုဒ်သို့ အတည်ပြု ပြောကြားလိုက်သည်။

ပွဲတစ်ပွဲ ယှဉ်ပြိုင် ကစားရာတွင် ကစားသမား (၁၁)ယောက် ကစားရပြီး အသင်းအတွက် အားဖြစ်စေသော (၁၂)ယောက်မြောက် ကစားသမားမှာ ပရိသတ်များဟု ဆိုနိုင်ခြင်း၊ ရတနာပုံ ပရိသတ်များက ၎င်းတို့၏ သောင်းသောင်းဖျဖျ အားပေးမှုကို အသိအမှတ်ပြုပေးပါရန် တောင်းဆိုခဲ့ခြင်း၊ ပရိသတ်များသည် အချို့ပွဲများတွင် သွေး၊ ချွေးများ စတေးကာ အချိန်၊ ငွေ၊ လူအားဖြင့် စိုက်ထုတ် အားပေးခဲ့ရခြင်း၊ ကမ္ဘာကျော် ဘောလုံး ကလပ်များတွင် ကလပ်အတွက် အရေးပါသော အကြောင်းအရာ၊ အဖြစ်အပျက်၊ လူပုဂ္ဂိုလ်တို့အား ဂုဏ်ပြုသော အားဖြင့် ယင်းအကြောင်းအရာနှင့် ပတ်သက်သော အသင်းရှိ ဂျာစီနံပါတ်တစ်ခုကို အနားပေး လေ့ရှိခဲ့ခြင်း၊ ရတနာပုံ ဘောလုံးကလပ် သမိုင်း ရေးထိုးကာစတွင် ပရိသတ်များ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါနေခြင်း စသည့် အချက်များကြောင့် ဂျာစီနံပါတ် ၁၂သည် ပရိသတ်အတွက် ဖြစ်သည်ဟု အတည်ပြု ပေးခဲ့ရခြင်း ဖြစ်ကြောင်း ရတနာပုံ အက်ဖ်စီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ရှင်းလင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ရတနာပုံ အသင်းသည် မြန်မာ နေရှင်နယ်လိဂ် ကလပ်များတွင် ဂျာစီနံပါတ်တစ်ခုအား ပထမဆုံး အနားပေးလိုက်သည့် ကလပ်၊ ပရိသတ်များကို ယင်းကဲ့သို့ ပထမဆုံး ဂုဏ်ပြုသော ကလပ် ဖြစ်လာခဲ့သည်။ ရတနာပုံ အသင်းသည် ဆုကြေးစား စနစ်သို့ ပြောင်းလဲလိုက်သည့် မြန်မာ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမိုင်း အစတွင် ဖလားပြိုင်ပွဲနှင့် အမှတ်ပေး ပြိုင်ပွဲ (၂)ခုလုံးတွင် ပထမဆုံး ဗိုလ်စွဲနိုင်သည့် ကလပ်အဖြစ် မှတ်တမ်း ရေးထိုးခဲ့ပြီး ဖြစ်သည်။


Myanmar National League
Alpine Drinking Water
Shark
Blue Mountain