“တစ်ယောက်ဆို တစ်ယောက် သစ္စာရှိရှိ ချစ်သွားမယ်’’ ဆိုတဲ့ ရတနာပုံ ဗဟို နောက်ခံလူ ပက်ထရစ်ဂနိုစီယမ်နှင့် တွေ့ဆုံခြင်း

Attention: open in a new window. Print

ဒီကနေ့ ဂလိုဘယ် လိုက်ဇေးရှင်း ဆိုတဲ့ အိုင်တီ ခေတ်ကြီးထဲမှာ ဘယ်အရာကိုမှ ကန့်သတ်ထားဖို့ မလွယ်ပါဘူး။ အဲဒီ ကန့်သတ်လို့ မရတဲ့အထဲမှာ ဘောလုံး အားကစားလည်း တစ်ခု အပါ အ၀င် ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက ဘောလုံး အားကစားကို မြတ်မြတ်နိုးနိုး ကစား လာကြတဲ့အခါ ကမ္ဘာ့ အားကစား ဘောလုံးနဲ့ ပတ်သက်ပြီး အချို့အရာ တွေလည်း ဘောလုံး အားကစား နဲ့အတူ နယ်နိမိတ် အတားအဆီး တွေကို ကျော်ဖြတ်လာပါတယ်။ ဘောလုံး အားကစားကြောင့် လူမျိုးရေး၊ ယဉ်ကျေးမှု ဆိုတာတွေဟာ ရောထွေး ယှက်နွယ် ခဲ့တာရှိခဲ့သလို အဓိကရုဏ်း၊ စစ်ပွဲတွေ ဖြစ်ခဲ့ ကြတာလည်း ကြားဖူးကြမှာပါ။

အထူးသဖြင့် ဘောလုံး ရေစီးကြောင်း ထဲမှာ စီးမျောတဲ့ သူတွေအဖို့ လူမျိုးရေး၊ ယဉ်ကျေးမှု ဘောင်တွေကို ကျော်ဖြတ် လေ့ရှိပါတယ်။ မြန်မာနိုင်ငံ ဘောလုံးလောကမှာလည်း ၂၀၀၉ ခုနှစ် အရောက် ဆုကြေးစားစနစ် ပြောင်းလဲလိုက်ပြီးနောက် ဒီလိုပြဿနာတွေ ရှိမနေဖို့ တစ်မျိုးသားလုံး စောင့်ထိန်းကြရပါလိမ့်မယ်။ ပရိုကူးပြောင်းစမှာ လိုအပ်ချက်အရ ပြည်ပက ကစားသမားတွေကို ခေါ်ယူနေရပေမယ့် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူမျိုးကို ရောယှက် မခံရဖို့ ကိစ္စကတော့ လူတိုင်းမှာ တာဝန်ရှိနေပါတယ်။

လိုအပ်ချက်အရ နိုင်ငံခြားသားတွေကို မြန်မာ့ဘောလုံး လောကထဲ ခေါ်ယူလာခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် အသင်းတွေထဲမှာ ရတနာပုံ အသင်းလည်း ပါဝင်ပါတယ်။ အခုဆိုရင် ရတနာပုံအသင်းမှာ ကမ်ဘူးနဲ့ ပက်ထရစ်ဂနိုစီယမ်တို့ဟာ ဆက်ကစားရမှာ ဖြစ်တာကြောင့် လက်ရှိ အချိန်အထိ MNL သက်တမ်း တစ်လျှောက် ကာလအကြာဆုံး ကစားခွင့်ရတဲ့ ပြည်ပကစားသမားတွေ ဖြစ်လာပါတယ်။ သူတို့ နှစ်ဦးဟာ မြန်မာနေရှင်နယ်လိဂ်နဲ့ ပတ်သက်လို့ ရောက်လာတဲ့ပြည်ပ ကစားသမားတွေထဲမှာ မြန်မာလူမျိုး၊ မြန်မာ့ ယဉ်ကျေးမှု အကြောင်း အသိဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့(၂)ဦးထဲက ရတနာပုံရဲ့ အုတ်မြို့ရိုးကြီးရယ်လို့ တင်စားခံရတဲ့ ဗဟို နောက်ခံလူ ပက်ထရစ်ဂနိုစီယမ်နဲ့ တွေ့ဆုံပြီး မြန်မာလူမျိုးတွေနဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဘောလုံးလောကနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို ရတနာပုံအက်ဖ်စီ ၀က်ဘ်ဆိုဒ်က မေးမြန်းခဲ့ပါတယ်။


ရတနာပုံဗဟိုနောက်ခံလူ ပက်ထရစ်ဂနိုစီယမ်၏ ပုံနှင့်အတူအားပေးနေသော ပရိသတ်များ။

မေး- အခြားအကြောင်းအရင်းတွေရှိလို့ မပြန်ဖြစ်တာလား။
ဖြေ-ကလပ်ဥက္ကဋ္ဌက မပြန်နဲ့ဆိုလို့ မပြန်ရတာပါ။ ကျွန်တော့်အတွက် ဘာမှပြဿနာမရှိပါဘူး။ နည်းပြတွေနဲ့လည်း အဆင်ပြေတယ်။ နားရက်မှာ မပြန်ဖြစ်တာကလည်း ကလပ်တာဝန်ရှိသူတွေက မပြန်စေချင်လို့ မပြန်တာ။

မေး-မြန်မာနိုင်ငံမှာ ဘောလုံးကန်လို့ရတဲ့ လက်ရှိလစာနဲ့ အာဖရိကမှာ ဘောလုံးကစားလို့ရတဲ့ ၀င်ငွေ ကွားခြားမှု ရှိလား။
ဖြေ-မြန်မာပြည်မှာ ကျွန်တော် ဘောလုံးကစားလို့ရတဲ့ ၀င်ငွေက အာဖရိကမှာဆိုရင် အနိမ့်ဆုံး ရတဲ့လုပ်ခပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဒီမှာက လစာကို အသားတင်အိမ်ပြန်ပို့လို့ရတယ်။

မေး-ဒါဆိုရင် ခင်ဗျားရဲ့ မိသားစုအခြေအနေလေး ပြောပြပါ။
ဖြေ-ကျွန်တော့်မှာ ဇနီးတစ်ယောက်နဲ့ အဲဒီဇနီးနဲ့ရထားတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဇနီးတစ်ယောက်လို့ ပြောရတာက နှစ်ယောက်မရှိလို့ပါ။ အာဖရိကမှာ တတ်နိုင်ရင် ဘယ်နယောက်ယူယူ ရပါတယ်။

မေး-ဒီလိုဆို အာဖရိကမှာ မိန်းမယူရတာ လွယ်တာပေါ့။
ဖြေ-လွယ်တယ်လို့ ပြောလို့ရတယ်။ ကျွန်တော်က မိန်းကလေးတစ်ယောက်ကို သဘောကျရင် အဲဒီမိန်းကလေးရဲ့ မိဘတွေကို သွားပြောရတယ်။ ကျွန်တော့်ကို သဘောကျ/မကျ မိန်းကလေးရဲ့မိဘတွေက သူတို့သမီးကို ပြန်မေးတယ်။ ပြန်မေးလို့ သဘောကျတယ်ဆိုတာနဲ့ မိန်းကလေးကို ခေါ်သွားလို့ ရပါပြီ။ ဘာပစ္စည်း၊ ဘာလက်ဆောင်မှလည်း ပေးဖို့၊ ပြဖို့မလိုပါဘူး။ ယောကျာ်းတစ်ယောက်က ထောက်ပံ့နိုင်ရင် ဘယ်နယောက် ယူယူ ရပါတယ်။ ထောက်ပံ့နိုင်ဖို့က အဓိကပါ။ ကျွန်တော့် သူငယ်ချင်း ဘောလုံးသမား တွေဆိုရင် မိန်းမ (၄)ယောက်လောက် ယူကြတဲ့သူတွေ ရှိပါတယ်။

မေး-မိဘက ခွင့်ပြုလိုက်လို့ အတူနေရုံနဲ့ အကြင်လင်မယား ဖြစ်သွားကြတာလား။
ဖြေ-မဟုတ်ပါဘူး။ အတူနေတယ်ဆိုရင် မိန်းကလေးကို ဇနီးလို့ သတ်မှတ်လို့ မရသေးပါဘူး။ ဥရောပ နိုင်ငံတွေမှာ ခေါ်ကြတဲ့ living together လိုပေါ့။ ဒါပေမယ့် အဲဒီလောက်ထိတော့ လွတ်လပ်မှုမရှိကြပါဘူး။ သားသမီး မွေးဖွားလာရင်တော့ ဇနီးဖြစ်သွားပါတယ်။

မေး-မိန်းမ(၄)ယောက်လောက် ယူတော့ လူမှုရေးပြဿနာတွေ မရှိဘူးလား။
ဖြေ-ရှိတာပေါ့။ ယေဘုယျအားဖြင့်တော့ ဘာပြဿနာမှ မရှိဘူးဆိုပေမယ့် မိန်းမ(၄)ယောက်ရှိရင် (၄)ယောက်တည့်တာ နည်းပါတယ်။ လူ့သဘာဝ ထုံးစံအတိုင်း ပြဿနာတွေ ဖြစ်ကြတာပါပဲ။

မေး-ဒီလောက်လွတ်လပ်တဲ့ နေရာကလာတဲ့ ခင်ဗျားက ဇနီးတစ်ယောက်တည်းပဲ ချစ်ပါတယ်လို့ ဘာကြောင့် ပြောရတာလဲ။
ဖြေ-ကျွန်တော့်ဇနီးကို အရမ်းချစ်တယ်။ သူ့နေရာကို ဘယ်သူနဲ့မှ အစားထိုးလို့မရဘူး။ သူမက ကျွန်တော့်အတွက် သမီးလေးတစ်ယေက် လက်ဆောင်ပေးထားတယ်။ အဲဒီအတွက် အရမ်းပျော်ပါတယ်။ နောက်တစ်ခုက လူမှုရေးပြဿနာတွေ မဖြစ်ချင်ပါဘူး။ ဒီကိစ္စတွေအတွက် ကျွန်တော့်ဇနီးနဲ့လည်း တိုင်ပင် ဆွေးနွေးခဲ့တယ်။ သူကလည်း ကျွန်တော့်တစ်ယောက်ကိုပဲ တစ်သက်လုံးချစ်မယ်၊ ကျွန်တော်ကလည်း သူ့တစ်ယောက်တည်းကိုပဲ ရာသက်ပန်ပေါင်းသွားမယ်ဆိုပြီး အခုအချိန်အထိ သစ္စရှိရှိ လက်တွဲလာတာပါ။

မေး-အခုလို မိသားစုနဲ့ ခွဲခွာပြီး အဝေးကို ရောက်နေတဲ့အချိန်မှာ မိသားစုကို မလွမ်းဘူးလား။
ဖြေ-သတိရတယ်။ ပြန်ချင်တယ်။ ဒါပေမယ့် ဘောလုံးကစားသမားတစ်ယောက်က အချိန်၊ အသက်အရွယ်နဲ့ အလုပ်,လုပ်ရတယ်လေ။ ဒီလိုပဲ နေရတာပေါ့။

မေး-ဘောလုံးသမားတစ်ချို့လို ရောက်တဲ့နေရာမှာ ရည်းစားထားတာမျိုး ရှိလား။
ဖြေ-မရှိပါဘူး။ ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော့်ဇနီးနဲ့သမီးပဲ ရှိတယ်။ မြန်မာပြည်မှာက ငွေမရှိဘဲ ဘာမှလုပ်လို့ မရဘူး။ ကျွန်တော့်ရဲ့ အသားအရောင်ကြောင့် ကျွန်တော့်ဇနီးလို ရင်သွေးပေးမယ့်သူလည်း မရှိပါဘူး။

မေး-အပျော်အပါး လုံးဝ မလိုက်စားဘဲ စည်းကမ်းတကျ နေထိုင်တာလား။
ဖြေ-ဟုတ်ပါတယ်။ မကောင်းတာမှန်သမျှ မလုပ်မိအောင် နေပါတယ်။ ဒါ့ကြောင့် ပွဲတိုင်းနီးပါး ခြေစွမ်းပြ နေတာလားလို့ မီဒီယာသမားတစ်ဦးကတောင် မေးဖူးပါတယ်။

မေး-မြန်မာပြည်ရဲ့ လူနေမှုစရိုက်ကို ဘယ်လိုမြင်လဲ။
ဖြေ-ကောင်းပါတယ်။ နေရာတိုင်းမှာ အကောင်းချည်းပဲတော့ ရှိမနေပါဘူး။ ခြုံပြောရရင်တော့ ကောင်းတယ်လို့ပဲ ဆိုရမှာပါ။ မြန်မာလူမျိုးတွေအားလုံး ဖော်ရွေကြတယ်။ သဘောကောင်းတယ်။

မေး-ရတနာပုံ ပရိသတ်တွေကရော…….။
ဖြေ-ပရိသတ်အားပေးမှု အရမ်းကောင်းပါတယ်။ မြန်မာပြည်မှာ ဘယ်ကလပ်ကိုမှ အဲဒီလောက်ထိ အားပေးတာမျိုး မရှိခဲ့ပါဘူး။ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ ရတနာပုံ အသင်းသားဖြစ်ရတာလည်း ဂုဏ်ယူတယ်။ ရတနာပုံ အသင်းဝင်ဖြစ်လို့ ချန်ပီယံဖြစ်ခွင့်ရတယ်။ အားပေးမှုခံရတယ်။

မေး-အားပေးနေတဲ့ ရတနာပုံပရိသတ်ကြီးကို ဘာပြောချင်ပါသလဲ။
ဖြေ-ကစားခွင့်ရတဲ့အထိ ရတနာပုံအသင်းမှာ နေသွားမယ်၊ ကစားခွင့်ရတဲ့ အချိန်တိုင်း အစွမ်းကုန် ကြိုးစားကစားပေးပါမယ်လို့ ……………….။


ရတနာပုံ အက်ဖ်စီ မန်နေဂျာ မစ္စတာရိုဟန်နှင့် အသင်းခေါင်းဆောင် ပက်ထရစ်ဂနိုစီယမ် တို့ကို ၁၇-၁-၂၀၁၀ ရက်နေ့က သုဝဏ္ဏကွင်းတွင် ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားခဲ့သော MNL Grand Royal 2009 နောက်ဆုံးပွဲ၌ တွေ့ရစဉ်။

Myanmar National League
Alpine Drinking Water
Shark
Blue Mountain