ပြည်နယ်နှင့်တိုင်း အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ၌ မန္တလေးတိုင်း လက်ရွေးစင် အသင်း ချန်ပီယံဘွဲ့ ကာကွယ်ရန် အုပ်စုတွင်း ပြိုင်ဘက်ဖြစ်ခဲ့သော စစ်ကိုင်းတိုင်း အသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်

Attention: open in a new window. Print

၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၁၈)ရက်နေ့မှ စ၍ ဧရာဝတီတိုင်းတွင် ကျင်းပခဲ့သော ၅၅-ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် လက်ရှိချန်ပီယံ မန္တလေးတိုင်း အသင်းနှင့် စစ်ကိုင်းတိုင်း အသင်းတို့သည် ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့ ညနေတွင် ဧရာဝတီတိုင်း ကိုးသိန်း ကစားကွင်း၌ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

မန္တလေးတိုင်း လက်ရွေးစင် အသင်းအတွက် ၂၀၀၉ခုနှစ် တတိယအကြိမ် မန္တလေးမြို့တော်ဝန်ဖလား ပထမတန်းအဆင့် အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများကို ရွေးချယ်ခဲ့ရာ ချန်ပီယံ ရတနာပုံ လူငယ် အသင်းမှ (၉)ဦး၊ မန္တလေး မြို့တော် စည်ပင်မှ (၇)ဦး၊ ဗထူး လူငယ်အသင်းမှ (၂)ဦး၊ ယူနီကို (မြင်းခြံ)မှ (၁)ဦး၊ ရွှေမြန်မာမှ (၁)ဦး ပါဝင်ခဲ့သည်။ နည်းပြချုပ် အဖြစ် ရတနာပုံ လူငယ်အသင်း နည်းပြချုပ် ဦးခင်မောင်တင့်က ဆောင်ရွက်ပေးသည်။ ၎င်းနှင့်အတူ ရတနာပုံ လူငယ်အသင်း လက်ထောက်နည်းပြ ဦးကျော်ကျော်ဝင်းသည်လည်း မန္တလေးတိုင်း လက်ရွေးစင်အသင်း လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်ခွင့် ရခဲ့သည်။

လက်ရှိ ချန်ပီယံ မန္တလေးတိုင်း လက်ရွေးစင် အသင်းသည် ပထမအဆင့် အုပ်စု ပတ်လည် ပြိုင်ပွဲ မြောင်းမြဇုန်၌ အုပ်စု(ဃ)တွင် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး (၃)ပွဲလုံး အနိုင်ရအောင် ကစားနိုင်ခဲ့ကာ အုပ်စုဗိုလ်အဖြစ် ဒုတိယ အဆင့် အုပ်စု ပတ်လည် ပြိုင်ပွဲသို့ တက်လှမ်း နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်များတွင် မန္တလေးတိုင်း အသင်းမှ ရတနာပုံ လူငယ် ကစားသမား များကပင်  ပွဲစဉ်အကောင်းဆုံး ကစားသမားဆု ရခဲ့သည်။

ဒုတိယ အဆင့် အုပ်စု ပတ်လည် ပြိုင်ပွဲအဖြစ် ဟင်္သာတဇုန် အုပ်စု(ခခ)၌ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ် အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရသည်။ ဒုတိယ အဆင့် ပွဲစဉ်များကိုလည်း ရှုံးပွဲမရှိ ကစားနိုင်ခဲ့ကာ မန္တလေးတိုင်း အသင်းမှ ရတနာပုံ လူငယ် ကစားသမား သက်နိုင်က ပွဲစဉ် အကောင်းဆုံး ကစားသမားဆုများ ရရှိခဲ့သည်။

အကြို ဗိုလ်လုပွဲကို ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့က အိမ်ရှင် ဧရာဝတီတိုင်း အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံ ခြေစွမ်းပြကာ ၃-၁ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် ပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲ၌ အနိုင်ရထားခဲ့သော စစ်ကိုင်းတိုင်း အသင်းနှင့် ပြန်လည် ထိပ်တိုက် တွေ့ဆုံနေခြင်း ဖြစ်သည်။ ထို့ကြောင့် ၅၅-ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသား အလွတ်တန်း ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲသည် အထက်မြန်မာပြည် အသင်း(၂)သင်း အားပြိုင်သည့်ပွဲဟု ဆိုနိုင်သည်။

မန္တလေးတိုင်း လက်ရွေးစင် အသင်း နည်းပြချုပ် ဦးခင်မောင်တင့်က “ပထမအဆင့် အုပ်စုမှာ တွေ့တုန်းကလည်း ကျွန်တော်တို့ မန္တလေးတိုင်း အသင်းကပဲ အသာစီးက ယှဉ်ပြိုင် နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ အားသာနေပါတယ်။ မြောင်းမြဇုန်မှာ ပြိုင်ခဲ့တုန်းက ဘောလုံး ယှဉ်လုရင်း တစ်ဖက် ကစားသမားက တွန်းတော့ အရှိန်လွန် လဲကျရာကနေ ညှပ်ရိုးကျိုးသွားတဲ့ ဖြိုးမောင်မောင် တစ်ယောက်ပဲ ဒဏ်ရာ အနာတရ ရှိပါတယ်။ ရတနာပုံ လူငယ် အသင်းသားတွေလည်း ခြေစွမ်းပြနေပါတယ်”ဟု ရတနာပုံ အက်ဖ်စီ ၀က်ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။


မန္တလေးတိုင်း လက်ရွေးစင် နည်းပြချုပ် ဦးခင်မောင်တင့် (ရတနာပုံ လူငယ်အသင်း နည်းပြချုပ်)

Myanmar National League
Alpine Drinking Water
Shark
Blue Mountain