ဘာဘိုအပါအ၀င် ပြည်ပကစားသမား(၃)ဦးကို ပြန်လွှတ်ရသည့် အကြောင်းအရင်းအား ရတနာပုံ အက်ဖ်စီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း ရှင်းလင်းပြောကြား

Attention: open in a new window. Print

ရတနာပုံ အက်ဖ်စီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက MNL Cup Grand Royal 2009 နှင့် MNL Grand Royal 2009 ပြိုင်ပွဲတွင် ရတနာပုံ အသင်းအား ချန်ပီယံဖြစ်အောင် အဓိက ကူညီ စွမ်းဆောင် ပေးခဲ့သော ကစားသမားများတွင် တစ်ဦးဖြစ်သည့် တောင်ပံ ကစားသမား ဘာဘိုကို အသင်းတွင် ဆက်မထားဘဲ ပြန်လွှတ်ခဲ့ရသည့် အကြောင်းအရင်းကို မီဒီယာ များအား ထုတ်ဖော် ရှင်းလင်းပြောကြားလိုက်သည်။

ရတနာပုံ အက်ဖ်စီသည် MNL Grand Royal 2009တွင် ဗိုလ်စွဲခဲ့သော်လည်း နောက်ဆုံး(၄)ပွဲတွင် ရလဒ် မကောင်းခဲ့ပေ။ ထို့အတူ ယခင်က ပွဲထွက် ကစားခွင့် လေ့ရှိသော တောင်ပံ ကစားသမား ဘာဘိုမှာလည်း နောက်ပိုင်း ပွဲစဉ်များတွင် အရန်ကစားသမား အဖြစ်သာ ပါဝင်ကစားခဲ့ရသည်။ အလားတူ ရာသီဝက်တွင် ခေါ်ယူခဲ့သော မက်သရူးနှင့် ကလီးမန့်တို့သည်လည်း အစပိုင်းတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပွဲထွက်ခွင့်ပင် မရခဲ့ပေ။

“အဲဒီ ကစားသမားတွေက စည်းကမ်း ဖောက်ဖျက်လို့ ပြန်လွှတ်လိုက်တာပါ။ အပျော်နောက်လိုက်တဲ့ အတွက် စွမ်းဆောင် ရည်ကလည်း ကျလာတယ်။ ဒါမျိုး စည်းကမ်းဖောက်ရင် အသင်းမှာ ဆက်မထားပါဘူး”ဟု ၂၀၁၀ခုနှစ် မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော MNL Grand Royal 2010 ပြိုင်ပွဲ သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အား ဒေါက်တာစိုင်းဆမ်ထွန်းက ဖြေကြားခဲ့သည်။

“နောက်ဆုံး ကစားခဲ့တဲ့ (၄)ပွဲမှာ မန္တလေး ပရိသတ်တွေကို စိတ်လှုပ်ရှားအောင်၊ သည်းထိပ် ရင်ဖို ဖြစ်စေခဲ့တဲ့ အတွက် ကျွန်တော့် အနေနဲ့ ပထမဆုံး တောင်းပန်စကား ပြောကြားလိုပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်း အရင်းက အဲဒီ (၄)ပွဲ မကစားခင်မှာ ကလပ်အသင်းတွေမှာ ရှိတဲ့ အစိုးရ၀န်ထမ်း ကစားသမားတွေ ၀န်ကြီးဌာန ပြန်ရမယ်ဆိုတဲ့ သတင်းကြောင့် စိတ်ဓာတ် အနည်းငယ် ယိမ်းယိုင်သွားတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက နိုင်ငံခြားသား ကစားသမား (၃)ယောက်ရဲ့ ခြေစွမ်းကို သိပ်သဘော မကျတာကြောင့် ပြန်လွှတ်မယ်လို့ ကျွန်တော် သတင်းလွှင့်ခဲ့မိတယ်။ ဒီအချက်တွေ ကြောင့်ပဲ မန္တလေး ပရိသတ် တွေကို သည်းထိပ် ရင်ဖို ဖြစ်စေခဲ့တာလို့ ယူဆပါတယ်”ဟု ရတနာပုံ အက်ဖ်စီ အသင်းပိုင်ရှင် ဒေါက်တာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့ ညက မန္တလေးမြို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၀င်းအတွင်းရှိ ရန်အောင်မြင် ခန်းမတွင် ပြုလုပ်ခဲ့သော ရတနာပုံ အက်ဖ်စီ၏ MNL Grand Royal 2009 ချန်ပီယံ ဆုဖလားကြီးအား မန္တလေး မြို့မိ မြို့ဖများထံ အပ်နှံပွဲနှင့် ဂုဏ်ပြု ညစာ စားပွဲ၌ပြောကြားခဲ့ဖူးသည်။

ထို့အပြင် နောင် (၅)နှစ်အကြာတွင် ရတနာပုံ အသင်း၌ နိုင်ငံခြားသား ကစားသမား ခေါ်ယူရန် မလိုအပ်အောင် ရတနာပုံ ဘောလုံး အကယ်ဒမီကို တည်ထောင် ခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားထားသည်။

ရတနာပုံ အက်ဖ်စီ နည်းပြချုပ် ဦးဇော်လေးအောင်က ”ရန်ကုန်ယူနိုက်တက်နဲ့ နောက်ဆုံးပွဲ ကစားခဲ့တုန်းက လေ့ကျင့်ရေးကွင်းမှာ ဘာဘိုရဲ့ ကြံ့ခိုင်မှု ကောင်းလို့ မက်သရူးကို ထုတ်သုံးခဲ့ရတယ်။ ထူးမလာခဲ့ပါဘူး။ နောက်ရောက်လာတဲ့ ကစားသမား (၂)ယောက်ကြောင့် ဘာဘိုလည်း ပျက်ရတာပါပဲ”ဟု ရတနာပုံ အက်ဖ်စီ ၀က်ဆိုဒ်သို့ ပြောကြားခဲ့သည်။

Myanmar National League
Alpine Drinking Water
Shark
Blue Mountain