AFC President’s Cup 2010 ပြိုင်ပွဲတွင် ပြည်ပကစားသမား (၂)ဦးသာ ထည့်သွင်း ကစားခွင့်ပြု

Attention: open in a new window. Print

အာရှ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော AFC President’s Cup 2010 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကလပ်အသင်း (၁၁) သင်းသည် ပြည်တွင်း ကစားသမား အများစုဖြင့် ၀င်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပြည်ပ ကစားသမား (၂) ဦးသာ ထည့်သွင်း ကစားခွင့် ပြုကြောင်း အာရှ ဘောလုံး အဖွဲ့ချုပ်က ၂၀၁၀ခုနှစ် မတ်လ (၉)ရက်နေ့တွင် ၎င်းတို့၏ ၀က်ဘ်ဆိုဒ်မှ တစ်ဆင့် ထုတ်ပြန် ကြေညာ ခဲ့သည်။

အာရှဘောလုံး အဖွဲ့ချုပ်သည် AFC President’s Cup 2010ပြိုင်ပွဲ စည်းမျဉ်းများကို ပြိုင်ပွဲဝင်မည့် ကလပ်များနှင့် သက်ဆိုင်ရာ နိုင်ငံဘောလုံးအဖွဲ့ချုပ်များထံ ပေးပို့ခဲ့ရာတွင်လည်း ပြည်ပ ကစားသမား (၂)ဦးသာ ထည့်သွင်း ယှဉ်ပြိုင်ခွင့် ပြုမည်ဟု ပါရှိခဲ့သည်။ သို့သော် အေအက်ဖ်စီက ကျင်းပသော အခြားကလပ်အသင်း ပြိုင်ပွဲများတွင် ပြည်ပကစားသမား ပါဝင်မှုကို 2+1 (အာရှသား မဟုတ်သော ပြည်ပ ကစားသမား ၂ယောက်+အာရှသား ပြည်ပ ကစားသမား တစ်ယောက်)ဖြင့် ယှဉ်ပြိုင်ခွင့် ပြုခဲ့ဖူးသောကြောင့် ကလပ်အချို့သည် ပြည်ပ ကစားသမား ထည့်သွင်းခြင်းနှင့် ပတ်သက်၍ နားမလည် ဖြစ်နေရာ အာရှဘောလုံး အဖွဲ့ချုပ်က ကစားသမား စာရင်းတင်သွင်းခြင်း စည်းမျဉ်းအား ယခုကဲ့သို့ ကောင်နုတ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

AFC President’s Cup 2010 ပြိုင်ပွဲဝင် ကလပ်(၁၁)သင်းသည် လိုအပ်သည့် အထောက်အထားများကို ၂၀၁၀ခုနှစ် ဧပြီလ (၆)ရက်နေ့ နောက်ဆုံးထား၍ အာရှ ဘောလုံးအဖွဲ့ချုပ်သို့ ပေးပို့ရမည်ဖြစ်သည်။ ရတနာပုံ အက်ဖ်စီသည် ပြိုင်ပွဲဝင် အသင်း၏ အချက်အလက်များအပြင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သောကြောင့် အိမ်ရှင်အသင်း၏ အချက်အလက်များကိုပါ အာရှဘောလုံး အဖွဲ့ချုပ်သို့ ပေးပို့ရမည် ဖြစ်သည်။

ရတနာပုံ အက်ဖ်စီတွင် ပြည်ပကစားသမား (၅)ဦး  ရှိနေပြီး မည်သည့် ကစားသမား (၂)ဦးအား အေအက်ဖ်စီ ဥက္ကဋ္ဌဖလားပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုရမည်ကို မဆုံးဖြတ်ရသေးကြောင်း ရတနာပုံ အက်ဖ်စီ မန်နေဂျာ မစ္စတာ ရိုဟန်က ရတနာပုံ အက်ဖ်စီ ၀က်ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။ ထို့အပြင် ဥက္ကဋ္ဌဖလားပြိုင်ပွဲ အတွက် ကစားသမား (၃၀)ဦးအထိ စာရင်းပေးသွင်းခွင့် ရှိရာ လက်ရှိ ရတနာပုံ အသင်း၏ ဖွဲ့စည်းပုံအရ ကစားသမား ၂၀ဦးသာ စာရင်းပေးသွင်းနိုင်ပြီး (၃၀)ပြည့်ရန် (၁၀)ဦး လိုနေမည် ဖြစ်သည်။
Myanmar National League
Alpine Drinking Water
Shark
Blue Mountain