မနောမြေကို ရတနာပုံ အသင်း ၅ ဂိုးပြတ် အနိုင်ရ

Attention: open in a new window. Print

ရတနာပုံ အသင်းသည် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့က မနောမြေ အက်ဖ်စီ အသင်းနှင့် မြန်မာ နေရှင်နယ် လိဂ် ပွဲစဉ်-၁၀ ကို မန္တလေးမြို့၊ ဗထူးကွင်းတွင် ယှဉ်ပြိုင် ကစား ခဲ့ရာ ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရတနာပုံ အသင်းတွင်  ဒဏ်ရာကြောင့် ဂျွန် မပါဝင်ခဲ့ဘဲ ကွင်းလယ်တွင် ကိုနေးနှင့် အောင်ချမ်းမိုးတို့က ကွင်းလယ် အထိုင် အဖြစ် ကစားခဲ့သည်။ ပွဲ အစပိုင်း ၃ မိနစ်မှာပင် ရန်ပိုင်  ဘောလုံး ရရှိသွားပြီး အပိုင် ကန်သွင်းရာမ ဂိုးတိုင် ထိ၍ ပြန်ထွက်ခဲ့သည်။ ပွဲချိန် ၅ မိနစ် အရောက်တွင်  ကမ်ဘူး ဘယ်ခြမ်းက ဖြတ်တင် ဘောကို ဂိုးရှေ့၌ ရန်ပိုင် နောက်ကျ နေခဲ့ သော်လည်း ညာခြမ်းက ရဲဇော်ထက်အောင် ဘောလုံး လိုက်ဆယ်ပြီး ဂိုးရှေ့ကို ချပေးရာ ကွန်ပိုရီက ပြိုင်ဘက် နောက်တန်း နှစ်ယောက်ကြားမှ ဘောလုံး ဆွဲယူပြီး မနောမြေ ဂိုးသမား၏ ညာဖက် အပေါ်ထောင့်ကို အပြင်းကန်သွင်းကာ ဦးဆောင်ဂိုး ရယူခဲ့သည်။

ပွဲချိန် ၈ မိနစ်တွင် ကွင်းလယ်က ချပေးလိုက်သည့် ဘောလုံးအား ကမ်ဘူး လွတ်လွတ် ကျွတ်ကျွတ် ဆွဲထွက် သွားသော်လည်း စည်းကျပ်ဒိုင်က လူကျွံဘောဟု အလံထောင်ပြခဲ့ရာ ရန်ပိုင်က ထပ်ကန်လိုက်သဖြင့် ကွင်းလယ်ဒိုင်မှ ခရာမှုတ်ထားသည်ကို ကန်သည့်အတွက် ရန်ပိုင်အား အ၀ါကဒ်ပြား ပြသခဲ့သည်။ ၁၃ မိနစ်တွင် အောင်ကျော်မိုး လှမ်းကန်သော ဘောလုံးကို မနောမြေ ဂိုးသမား ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သောကြောင့် ရတနာပုံ အသင်း ပထမဆုံး ထောင့်ကန်ဘော စတင်ရရှိခဲ့သည်။



၁၆မိနစ်တွင်  မနောမြေ အသင်းမှ ကျောနံပါတ် ၁၂ ညီညီဇော် ကြမ်းတမ်းစွာ ဖျက်ထုတ် ကစားခဲ့ သောကြောင့် အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ၁၉ မိနစ်တွင် အောင်ကျော်မိုး ကန်တင်လိုက်သော ဘောလုံးကို မနောမြေ ဂိုးသမား ဖမ်းမိခဲ့သည်။  ၂၀ မိနစ်တွင် ဂိုးဧရိယာထိပ်မှ ကွန်ပိုရီ ကန်ချက်ပျော့ခဲ့ပြီး ၂၆ မိနစ်တွင် ရန်ပိုင် ကိုက် ၂၀ အကွာမှ အပြင်း ကန်သွင်း ချက်ကို မနောမြေ ဂိုးသမား နှစ်ဆင့် ဖမ်းခဲ့ရသည် ။ ၃၅ မိနစ်တွင် ရန်ပိုင်နှင့် အောင်ချမ်းမိုးတို့  တွဲလုံးမှ အောင်ချမ်းမိုး အပိုင် ပိတ်သွင်းကာ ဒုတိယဂိုး ထပ်မံ သွင်းယူ သွားခဲ့ကာ ပထမပိုင်း အပြီးတွင် ရတနာပုံက ၂-၀ ဖြင့် ဦးဆောင်နေခဲ့သည်။ အောင်ချမ်းမိုးသည် ရတနာပုံ အသင်းအတွက် ပထမဆုံး အကြိမ် ဂိုးသွင်း ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း ၄၈ မိနစ်တွင် ရဲဇော် ထက်အောင် ခေါင်းတိုက် သွင်းသော ဘောလုံး ဂိုးလွန်ဘော ဖြစ်သွား ခဲ့သည်။ ၅၆ မိနစ်တွင်  အောင်ကျော်မိုး အမှတ်မထင် အဝေးမှ လှမ်းကန်သော ဘောလုံးမှာ ဂိုးလွန်ဘော ဖြစ်သွား ခဲ့ပြန်သည်။ ဒုတိယပိုင်း ၅၇ မိနစ်တွင် ရတနာပုံ အသင်းမှ ကျောနံပါတ် ၁၇ ကန်ပိုရီ အစား.လူငယ် ကစားသမား သက်နိုင် ကျောနံပါတ် ၈ ၀င်ရောက် လဲလှယ်ကစားခဲ့သည်။ ၆၀ မိနစ်တွင် သက်နိုင် တင်ပေးသော ဘောလုံးကို ရဲဇော် ထက်အောင် ခေါင်းတိုက် သွင်းယူရာ ဂိုးလွန်ဘော ဖြစ်သွား ခဲ့သည်။



၆၂ မိနစ်တွင် မနောမြေဘက်မှ  ကျောနံပါတ် ၁၂  ညီညီဇော် အစား ကျောနံပါတ် ၂၀ အောင်ဇော်လတ် ၀င်ရောက် ကစားခဲ့သည်။ ၆၃ မိနစ်တွင် ရတနာပုံ ဘက်မှ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ရန်ပိုင်မှ ကန်သွင်းရာ  ရတနာပုံ အသင်း တတိယဂိုး ရရှိခဲ့သည်။ ၆၆ မိနစ်တွင် မနောမြေ ဘက်မှ ကျောနံပါတ် ၂၇  သက်နိုင်စိုး အစား ကျောနံပါတ် ၁၅  ဇော်မင်းနောင် ၀င်ရောက်ကစားခဲ့သည်။ ၆၇ မိနစ်တွင် ရတနာပုံမှ ကျောနံပါတ် ၂၂ အောင်ချမ်းမိုး အ၀ါကတ်ပြား ပြသ သတိပေး ခံခဲ့ ရသည်။

၇၁ မိနစ်တွင်  ရဲဇော် ထက်အောင် ဆွဲလာသော ဘောလုံးကို ပြင်းထန်စွာ ဖျက်ထုတ် ခံရသော်လည်း ပင်နယ်တီ အဖြစ် မသတ်မှတ် ပေးခဲ့ပေ။ ၇၅ မိနစ်တွင် မနောမြေမှ ကျောနံပါတ် ၁၃ သန်းထိုက် အစား ကျောနံပါတ် ၇ သီဟဇော် ၀င်ရောက် ကစားခဲ့သည်။ ၇၇ မိနစ်တွင်  ရန်ပိုင် ချပေးသော ဘောလုံးကို  အသင်း ခေါင်းဆောင် ခင်မောင်ထွန်းမှ သွင်းယူနိုင်၍ ရတနာပုံ အသင်း စတုထ္ထဂိုး ရရှိခဲ့သည်။

ပွဲချိန် ၇၇ မိနစ်တွင်  ရတနာပုံ အသင်းမှ ကျောနံပါတ် ၂၂ အောင်ချမ်းမိုး အစား ကျောနံပါတ် ၂၄ အေးမိုး ၀င်ရောက် ကစားခဲ့သည်။ ၈၃မိနစ်တွင်  ရတနာပုံ အသင်းမှပင် ကျောနံပါတ် ၅ ကျော်ခိုင်ဝင်း အစား ကျောနံပါတ် ၆ ကျော်ဇေယျာမင်း ၀င်ရောက် ကစားခဲ့သည်။  ပွဲပြီးခါနီး မိနစ် ၉၀တွင်  ကမ်ဘူး ချပေးသော ဘောလုံးကို ရန်ပိုင်မှ သွင်းယူရာ ရတနာပုံ အသင်း ပဉ္ခမမြောက်ဂိုး ရရှိခဲ့သည်။

ပွဲအပြီးတွင် ရတနာပုံ အသင်းက မနောမြေ အသင်းကို ၅ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ကာ ၇ ပွဲဆက် ဂိုးမပေးရသည့် မှတ်တမ်းနှင့် ၁၀ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ရရှိခဲ့သည်။ ထို့်အပြင် ယခုပွဲတွင် ရန်ပိုင်က နှစ်ဂိုး သွင်းနိုင်ခဲ့သောကြောင့် ယခု ရာသီ MNL တွင် သွင်းဂိုး ၇ ဂိုးဖြင့် ဂိုးအများဆုံး သွင်းသူများ စာရင်းကို ဦးဆောင် နိုင်ခဲ့သည်။ ရတနာပုံ အသင်းသည် ဇွန်လ ၁၂ရက်နေ့ ပထမ အကျော့ နောက်ဆုံး ပွဲစဉ် အဖြစ် ဒယ်တာ ယူနိုက်တက် အသင်းနှင့် ဗထူးကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။



ရတနာပုံ အသင်း
မန်နေဂျာ - မစ္စတာ ရိုဟန်
နည်းပြချုပ် - ဦးဇော်လေးအောင်

ယဉ်မင်းအောင် (ဂိုး - ၁ ) ၊ ကမ်ဘူး (၃) ၊ ကိုနေး (၄) ၊ ကျော်ခိုင်ဝင်း (၅) ၊ ခင်မောင်ထွန်း (၇ အသင်းခေါင်းဆောင်) ၊ ဂနိုဆီယမ် (၁၃) ၊ ရဲဇော်ထက်အောင် (၁၄) ၊ ကွန်ပိုရီ (၁၇) ၊ အောင်ကျော်မိုး (၁၉) ၊ အောင်ချမ်းမိုး (၂၂)။

အရန်ကစားသမားများ - ကျော်ဇေယျာမင်း (၆) ၊ သက်နိုင် (၈) ၊ ချစ်စမ်းမောင် (၁၅) ၊ မိုးမြင့်သူ (၁၆) ၊ သက်ပိုင်စိုး (၁၈) ၊ အေးမိုး (၂၄) ၊ ဇော်လင်းအောင် (ဂိုး -၃၀)

မနောမြေ အသင်း

အောင်ဟိန်းကျော် (၂) ၊ ၀င်းဇော်အောင် (အသင်းခေါင်းဆောင် ၃) ၊ စိုင်းသက်အောင် (၄) ၊ တင်အောင်မိုး (၁၀) ၊ ညီညီဇော်(၁၂) ၊ သန်းထိုက်(၁၃) ၊ စိုးကိုကိုထွန်း (၁၇) ၊ မောင်မောင်အောင် (၁၉) ၊ ဝေဖြိုး(၂၁) ၊ သက်နိုင်စိုး (၂၇) ၊ မွန်ထိုအောင် (ဂိုး - ၂၉)

အရန် ကစားသမားများ - သီဟဇော် (၇) ၊ ဇော်မင်းနောင် (၁၅) ၊ ကျော်မျိုးဝင်း (၁၆) ၊ အောင်ဇော်လတ် (၂၀)၊ အောင်ကျော်ဇင် ( ၂၅) ၊ ကျော်ဇေယျာဝင်း ( ၂၆) ၊ သိန်းဇော်ထိုက် ( ဂိုး - ၃၀)

ပွဲကြီးကြပ်သူများ

ကွင်းလယ်ဒိုင် - ဦးလှတင့်
စည်းကြပ်ဒိုင် ၁ - ဦးထွန်းရီ
စည်းကြပ်ဒိုင် ၂ - ဦးမင်းမင်းထွန်း
စတုတ္ထဒိုင် - ဦးဝင်းကျော်ဦး
Myanmar National League
Alpine Drinking Water
Shark
Blue Mountain