| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ဒယ်လ်တာကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားကာ ၃-၂ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေး ဇယားကို ရတနာပုံ ဦးဆောင်
Saturday, 12 June 2010 18:48
ရတနာပုံ အက်ဖ်စီ၏ မြန်မာ နေရှင်နယ်လိဂ် ၂၀၁၀ ပွဲစဉ်-၁၁ ကို ၂၀၁၀ခုနှစ် ဇွန်လ ၁၂ ရက်နေ့က မန္တလေးမြို့ ဗထူး အားကစား ကွင်းတွင် ဒယ်လ်တာ ယူနိုက်တက် အက်ဖ်စီနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ နှစ်ဂိုး အသွင်း ခံရပြီးမှ ချေပဂိုးများနှင့် အနိုင်ဂိုးများကို သွင်းယူကာ ၃-၂ဂိုးဖြင့် အနိုင်ရ သွားခဲ့သည်။
ရတနာပုံ အသင်းတွင် ပြည်ပ ကစားသမား ၅ ဦးလုံး ပွဲထွက် ပါဝင် ကစားခဲ့ပြီး ဒယ်လ်တာ တိုက်စစ်ကို စတန်လေက ဦးဆောင်ကာ လှအေးထွေး၊ မင်းမင်းသူ၊ သီဟ စည်သူ စသည့် အမာခံ ကစားသမားများ ပွဲထွက် ပါဝင်ခဲ့သည်။ ဒယ်လ်တာ အသင်းက ပွဲစသည်နှင့် လျင်လျင် မြန်မြန် ထိုးဖောက် ကစားခဲ့ပြီး ပွဲချိန် ၃ မိနစ် အရောက်တွင် ထွန်းလင်းအောင် မ,တင် ပေးလိုက်သည့် ဘောလုံးကို စတန်လေက ကျော်ခိုင်ဝင်းနှင့် ဂနွန်စီယမ်တို့ ကြားမှ ဆွဲထွက်ကာ အပိုင်ကန်သွင်း သော်လည်း ရတနာပုံ ဂိုးသမား ယဉ်မင်းအောင် ပုတ်ထုတ် ကာကွယ်ခဲ့သည်။ ယဉ်မင်းအောင် ပုတ်ထုတ် လိုက်သော ဘောလုံးမှာ ဂိုးဧရိယာ ထဲရှိ မင်းမင်းသူဆီ ရောက်သွားရာ မင်းမင်းသူက မနားတန်း ကန်သွင်း ခဲ့သောကြောင့် ဒယ်လ်တာ အသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။
ရတနာပုံ အသင်းက ချေပဂိုး ရရန် တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် ၈ မိနစ်တွင် ခင်မောင်ထွန်း ညာကြောမှ ကန်တင် ပေးလိုက်သည့် ဘောလုံးကို ခေါင်းတိုက်မည့်သူ မရှိသောကြောင့် ဒယ်လ်တာ နောက်တန်းက ထိန်းယူ သွားခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင် ဒယ်လ်တာ ကွင်းလယ်မှ မ,တင် ပေးလိုက်သည့် ဘောလုံးကို တင်ဇော်မိုးက ခင်မောင်ထွန်းနှင့် ယှဉ်ကာ ခေါင်းခုန်တိုက် လိုက်သဖြင့် ရှေ့တက်နေသော ရတနာပုံ ဂိုးသမား ယဉ်မင်းအောင်ကို ကျော်ကာ ဂိုးဝင်သွား သဖြင့် ဒယ်လ်တာ အသင်း ဒုတိယဂိုး ထပ်မံ ရရှိခဲ့သည်။
ပွဲချိန် ၁၈ မိနစ်တွင် ရန်ပိုင် ဘယ်ကြောမှ ဘောလုံး ဆွဲယူသွားကာ ဂိုးရှေ့ မျောချပေးသည့် ဘောလုံးကို ဂျွန် ပိတ်သွင်း သော်လည်း နောက်တန်းထိ ထွက်ခဲ့သည်။ ပွဲချိန် ၂၈ မိနစ်တွင် ဒယ်လ်တာမှ လှအေးထွေးက ဘယ်ကြောမှ ဂိုးဧရိယာ အတွင်းသို့ ဘောလုံး ဆွဲယူလာသော ကမ်ဘူးကို ဆွဲလှဲသောကြောင့် အ၀ါကတ် ပြခံရပြီး ရတနပုံ အသင်းက ဒယ်လ်တာ အသင်း၏ ဂိုးဧရိယာ ဘယ်ဘက်တွင် ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောကို ကိုနေး ကန်တင်ပေးရာ ရတနာပုံ အသင်းသားများ အဆင့်ဆင့် ပိတ်သွင်းရာ နောက်ဆုံး ကျော်ခိုင်ဝင်း ကန်သွင်းခဲ့ သဖြင့် ရတနာပုံ အသင်း ချေပဂိုး တစ်ဂိုး ရခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် ဒိုင်လူကြီးကို စောဒက တက်ခဲ့သော စတန်လေကို ဦးတင်ထွဋ်က အ၀ါကတ်ပြ သတိပေးခဲ့သည်။ ၃၈ မိနစ်တွင် စတန်လေကို ချိတ်လှဲ ခဲ့သဖြင့် ကိုနေ အ၀ါကတ် ပြခံခဲ့ရသည်။ ပထမပိုင်း အပြီးတွင် ဒယ်လ်တာက ရတနာပုံကို ၂-၁ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းကို နှစ်သင်းလုံး လူစားမှု မလုပ်ပဲ ကစားခဲ့သည်။ ၅၃ မိနစ်တွင် ရဲဇော်ထက်အောင် ထပ်မံ အ၀ါကတ် အပြ ခံခဲ့ရသည်။ ပွဲချိန် ၆၁မိနစ်တွင် ဒယ်လ်တာ အသင်းက အသင်းခေါင်းဆောင် လှအေးထွေး အစား ကျော်ဇေယျာဝင်း ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန် ၇၁ မိနစ်တွင် ဒယ်လ်တာ အသင်းကပင် ထပ်မံ လူစား လဲခဲ့သည်။ ထွန်းလင်းအောင် အစား ချမ်းချမ်း ၀င်ရောက် ကစားခဲ့သည်။
ပွဲချိန် ၇၃ မိနစ်တွင် ရတနာပုံ အသင်းမှ ရဲဇော်ထက်အောင် အစား သက်နိုင် ၀င်ရောက် ကစားခဲ့သည်။ သက်နိုင်သည် ရတနာပုံ အသင်းကြီးအတွက် ၆ ပွဲမြောက် လူစားဝင် ကစားခြင်း ဖြစ်သည်။ လူစား ၀င်ပြီး ၁ မိနစ် အတွင်း ဒယ်လ်တာ နောက်ခံလူများ ဖျက်ထုတ်လိုက်သည့် ဘောလုံးကို သက်နိုင် ရသွားပြီး ဂိုးဧရိယာ အပြင်ဘက်မှ အမှတ်မထင် ကန်သွင်းရာ ရတနာပုံ အသင်း ဒုတိယ ချေပဂိုး ရခဲ့သည်။
ပွဲချိန် ၇၆ မိနစ်တွင် ဒယ်လ်တာ အသင်းက တန်ပြန် တိုက်စစ် ဆင်ခဲ့ရာ တင်ဇော်ဝင်း ဘောလုံး ဆွဲယူသွားသည်ကို ခင်မောင်ထွန်း ဆွဲထား သကဲ့သို့ ဖြစ်ကာ လဲကျသွား သောကြောင့် ခင်မောင်ထွန်း အ၀ါကတ်ပြ ခံခဲ့ရသည်။ ရတနာပုံ အသင်းက တိုက်စစ် ဆင်နိုင် ခဲ့သောကြောင့် ဒယ်လ်တာ အသင်း ခံစစ်ကိုသာ အားပြု ကစားလာခဲ့သည်။ ပွဲချိန် ၇၉ မိနစ်တွင် ဒယ်လ်တာမှ အောင်ကျော်မိုး အ၀ါကတ်ပြား ပြသ ခံခဲ့ရသည်။ ပွဲချိန် ၈၂ မိနစ်တွင် ဒယ်လ်တာ ယူနိုက်တက် မှ ဇော်ဇော်ဦး အစား မျိုးဇော်ဦး ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန် ၈၃ မိနစ်တွင် ရတနာပုံ အသင်းမှ အဂျီမူ ဂျွန် အစား အောင်ချမ်းမိုး ၀င်ရောက် ကစားခဲ့ပြီးနောက် အချိတ် အဆက် ပိုမိလာခဲ့သည်။ နာကျင် အချိန်ပို ၂ မိနစ်တွင် ကိုနေ ချပေးလိုက်သည့် ဘောလုံးကို ရန်ပိုင်က ကန်သွင်းလိုက် သဖြင့် ရတနာပုံ အသင်း အနိုင်ဂိုး ရခဲ့သည်။ နာကျင် အချိန်ပို ၆ မိနစ် အပြီးတွင် ရတနာပုံက ဒယ်လ်တာ ယူနိုက်တက်ကို ၃-၂ဂိုးဖြင့် အနိုင်ရသွားကာ အမှတ်ပေူဇယားကို ဇေယျာရွှေမြေ အထက် တစ်ပွဲ ပိုကစား၊ တစ်မှတ် အသာဖြင့် ဦးဆောင် နိုင်ခဲ့သည်။
ကွင်းလယ်ဒိုင်လူကြီး-ဦးတင်ထွဋ်
စည်းကြပ်ဒိုင်(၁)-ဦးမျိုးဝင်း
စည်းကြပ်ဒိုင်(၂)-ဦးဟန်သိန်း
အရန်ဒိုင်လူကြီး-ဦးအောင်သူ
ရတနာပုံ အက်ဖ်စီ
မန်နေဂျာ-မစ္စတာ ရိုဟန်
နည်းပြချုပ်-ဦးဇော်လေးအောင်
ပါဝင် ကစားသူများ- ယဉ်မင်းအောင် (ဂိုး-၁)၊ ကမ်ဘူး(၃)၊ ကိုနေ(၄)၊ကျော်ခိုင်ဝင်း(၅)၊ ခင်မောင်ထွန်း (အသင်း ခေါင်းဆောင်-၇)၊ ရန်ပိုင်(၉)၊ ဂနွန်စီယမ် (၁၃)၊ ရဲဇော် ထက်အောင် (၁၄)၊ ကွန်ပိုရီ(၁၇)၊ အောင်ကျော်မိုး(၁၉)၊ အဂျီမူဂျွန်(၂၀)။
အရန်ကစားသမားများ- မောင်သန့် (၂)၊ ကျော်ဇေယျာမင်း(၆)၊ သက်နိုင်(၈)၊ ချစ်စမ်းမောင် (၁၅)၊ အောင်ချမ်းမိုး(၂၂)၊ အေးမိုး(၂၄)၊ ဇော်လင်းအောင်(ဂိုး-၃၀)။
ဒယ်လ်တာ ယူနိုက်တက် အက်ဖ်စီ
မန်နေဂျာ-ဦးတင်မြင့်အောင်
နည်းပြ-ဦးဆန်းဝင်း
ပါဝင်ကစားသူများ-သီဟ စည်သူ (ဂိုး-၁)၊ ဇော်ဇော်ဦး (၃)၊ မျိုးဝင်းထွဋ် (၄)၊ ထွန်းလင်းအောင် (၅)၊ လှအေးထွေး (၆-အသင်း ခေါင်းဆောင်)၊ မင်းမင်းသူ (၇)၊ အောင်ကျော်မိုး (၉)၊ စတန်လေ (၁၀)၊ နေလင်းအောင် (၁၇)၊ တင်ဇော်မိုး (၂၈)၊ ဂျိမ်းစ် (၃၁)။
အရန် ကစား သမားများ- ချမ်းချမ်း (၂)၊ စိုင်းသန်းအောင် (၁၂)၊ ဇော်မျိုးမင်း (၁၃)၊ မျိုးဇော်ဦး (၁၄)၊ ကျော်ဇေယျာဝင်း (၁၉)၊ နေလှိုင် (ဂိုး-၂၆)၊ အောင်မျိုးသန့် (၃၂)။
၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၂ရက်နေ့က မန္တလေးမြို့ ဗထူးအားကစား ကွင်းတွင် ဒယ်လ်တာ ယူနိုက်တက် အသင်းဘက်သို့ အနိုင်ဂိုး သွင်းပြီး အောင်ပွဲ ခံနေသော ရတနာပုံ တိုက်စစ်မှူး ရန်ပိုင်။
၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၂ရက်နေ့က မန္တလေးမြို့ ဗထူးအားကစား ကွင်းတွင် ဒယ်လ်တာ ယူနိုက်တက် အသင်းသား တစ်ဦးနှင့် ရတနာပုံ တိုက်စစ်မှူး ရန်ပိုင်တို့ ထိပ်တိုက်ရင်ဆိုင် အတွေ့။







