| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ရတနာပုံ အက်ဖ်စီ အသင်း ဗိုလ်လုပွဲ ရောက်ရန် အလားအလာ ကောင်းနေသည် ဟု FC Vakhsh နည်းပြ ပြောကြား
Thursday, 15 July 2010 09:47

တာဂျီကစ္စတန် ကလပ် FC Vakhsh နည်းပြ အက်စလစ်ဒင် ဟာဘီဘူးလက်ဗ်က AFC President’s Cup ဆီမီး ဖိုင်နယ်တွင် အိမ်ရှင် ရတနာပုံ အက်ဖ်စီ အနိုင်ရကာ ဗိုလ်လုပွဲ ရောက်ရန် အလားအလာ ကောင်းမွန်နေကြောင်း အာရှဘောလုံး အဖွဲ့ချုပ် ၀က်ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
ရတနာပုံ အက်ဖ်စီနှင့် FC Vakhsh တို့သည် AFC President’s Cup 2010 ဆီမီးဖိုင်နယ် အဆင့်တွင် ထိပ်တိုက် တွေ့ဆုံ နေပြီး ၂၀၁၀ပြည့်နှစ် စက်တင်ဘာလ ၂၄ရက် နေ့ မြန်မာစံတော်ချိန် ညနေ ၃း၃၀ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ လူငယ် အားကစား လေ့ကျင့်ရေးကွင်း၌ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
`ပြိုင်ဘက် အသင်းရဲ့ အခြေအနေကို မှန်းလို့ မရပါဘူး။ ရှုံးထွက်အဆင့်ကို ရောက်လာတဲ့ အသင်းတွေက အားနည်းတဲ့ အသင်း တစ်သင်းမှ မပါဘူး။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရမယ့် ရတနာပုံ အက်ဖ်စီကတော့ ကျွန်တော်တို့ကို အနိုင်ရဖို့ ရေပန်းစား နေတယ်လို့ ထင်တယ်။ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ အသင်းမှာ အိမ်ကွင်း အားသာချက် ရှိတယ်။ ပွဲကစားမယ့် အချိန်က လည်း ကျွန်တော်တို့ အတွက် အခက်အခဲ တစ်ခုပါပဲ။ ပွဲကို မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲ စတင် ကစားမှာပါ။ ကျွန်တော့် ကစားသမားတွေက နေပူထဲမှာ ကစားတဲ့ အလေ့အကျင့် သိပ်မရှိပါဘူး´ဟု ဟာဘီဘူးလက်ဗ်က အေအက်ဖ်စီ ၀က်ဘ်ဆိုဒ် သို့ ပြောကြားလိုက်သည်။
`ရန်ကုန်မှာ အုပ်စုအဆင့် ပွဲတွေ သွားကစားတုန်းက ရတနာပုံ အသင်း ကစားတဲ့ ပွဲတွေကို ကြည့်ခဲ့ရတယ်။ သူတို့က အသင်းလိုက် စုစည်းမှု တော်တော် ကောင်းတယ်။ သူတို့ရဲ့ ကစားပုံ နည်းစနစ်က အားရစရာ ကောင်းပါတယ်။ ကျွန်တော်တို့လည်း AFC President’s Cup ပြိုင်ပွဲအတွက် ပြင်ဆင်ကြိုးပမ်းထားတယ်။ ပထမဆုံး ပစ်မှတ်က ဗိုလ်လုပွဲ ရောက်ဖို့။ ဗိုလ်လုပွဲ ရောက်ဖို့ အရမ်း ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အဲဒီလို အောင်မြင်မှု ရဖို့အတွက် ဘယ်လိုပဲ လုပ်ရ လုပ်ရ ကြိုးစား လုပ်ဆောင် သွားမှာပါ။ တာဂျီ ကစ္စတန် လိဂ်ပွဲတွေက ကျွန်တော်တို့အတွက် အကောင်းဆုံး ပြင်ဆင်မှုပါပဲ။ ရတနာပုံ အသင်းနဲ့ ပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါမယ်´ဟု ဟာဘီဘူးလက်ဗ်က ထပ်လောင်း ပြောကြားခဲ့သည်။
FC Vakhsh သည် ၁၉၆၀ ပြည့်နှစ် ကတည်းက တည်ထောင်ခဲ့သောကြောင့် သက်တမ်း ၅၀ ရှိသည့် အသင်းဖြစ်သည်။ ယမန်နှစ်က အသင်း ၉သင်း ပါဝင် ယှဉ်ပြိုင်သည့် တာဂျီကစ္စတန် လိဂ်တွင် AFC President’s Cup 2005, 2008, 2009 ချန်ပီယံ Regar TadAZ ကိုကျော်ကာ ချန်ပီယံ ဖြစ်ခဲ့သောကြောင့် AFC President’s Cup 2010 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရလာသည့် အသင်းဖြစ်သည်။ ထို့အပြင် AFC President’s Cup 2006 ဗိုလ်လုပွဲတွင် ကာဂျစ္စတန် ကလပ် ဒေါ်ဒွိုင်း ဒိုင်နမိုအသင်းအား မိနစ် ၉၀ တွင် သရေကစား နိုင်ခဲ့သော်လည်း အချိန်ပိုတွင် ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် အသင်း ဖြစ်သည်။
Vakhsh အသင်း တွင် တာဂျီ ကစ္စတန် လက်ရွေးစင် ကစားသမား အများစု ပါဝင်နေပြီး ၂၀၀၉ ခုနှစ် တာဂျီ ကစ္စတန် အကောင်းဆုံး ကစားသမားဆု နှင့် လိဂ်ဂိုးသွင်းဘုရင် Numon Hakimov ကစားလျက် ရှိသည်။ ၎င်းသည် AFC Challenge Cup 2010၌ မြန်မာလက်ရွေးစင် အသင်းအား တာဂျီ ကစ္စတန် အသင်းက ၃-၀၊ ၁-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့သော ပွဲတွင် မြန်မာ အသင်းဘက်သို့ ဂိုးသွင်းယူ နိုင်ခဲ့သည်။ FC Vakhsh သည် လက်ရှိ အချိန်တွင် တာဂျီ ကစ္စတန် လိဂ်၌ ပွဲစဉ် ၁၄ အပြီး အဆင့် ၃ နေရာတွင် ရပ်တည် နေရပြီး ဇူလိုင်လ ၁၈ရက်နေ့တွင် Hair အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဟု သိရသည်။







