ရတနာပုံ အက်ဖ်စီ

ရတနာပုံ အက်ဖ်စီ ဆိုသည်မှာ “မြန်မာ့ဘောလုံး အဆင့်အတန်း ပြန်လည် တိုးတက် အောင်မြင်လာစေရန်၊ နိုင်ငံအတွက် ဘောလုံး သမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ ဘောလုံးသမား များအနေဖြင့် ခိုင်မာသည့် ရပ်တည်မှု၊ နာမည် ကျော်ကြားမှုနှင့်အတူ နိုင်ငံတကာ အတွေ့အကြုံများ ပိုမို ရရှိလာ စေရန်နှင့် လူငယ်များ အနေဖြင့် ဘောလုံး အားကစား အပေါ် ပိုမို စိတ်ဝင်စားမှု မြင့်တက်လာစေရန်” ဆိုသည့် အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၏ ရည်မှန်းချက်များ နှင့်အတူ ၂၀၀၉ခုနှစ်တွင် စတင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်ပြိုင်ပွဲ မြန်မာ နေရှင်နယ်လိဂ်၏ ကလပ် အသင်း တစ်သင်းပင် ဖြစ်သည်။

ပထမဆုံး စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း (၈)သင်း အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းတို့အား ကိုယ်စားပြုကာ ၀င်ရောက် ယှဉ်ပြိုင်ကြရမည် ဖြစ်ရာ ရတနာပုံ အက်ဖ်စီ အသင်းမှာ အထက် မြန်မာပြည် အသင်းတစ်သင်း အနေဖြင့် မန္တလေးတိုင်းအား ကိုယ်စားပြုခွင့် ရခဲ့သည်။ အသင်းပိုင်ရှင်က “မန္တလေးတိုင်း ကိုယ်စားပြု ကလပ်အသင်း အဖြစ် ကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရ၍ ဂုဏ်ယူဝမ်းမြောက်၍ မဆုံးပါကြောင်း၊ တစ်ဦး ကောင်း တစ်ယောက်ကောင်း ဆောင်ရွက်၍ အောင်မြင်မှု ရနိုင်သည့် လုပ်ငန်းမျိုး မဟုတ်သဖြင့် မိဘပြည်သူများ အပါအ၀င် အားလုံးနှင့်အတူ အောင်မြင်မှု ရရှိအောင် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း” ထုတ်ဖော် ပြောကြားခဲ့သည်။

ရတနာပုံ အက်ဖ်စီ အနေဖြင့် အသင်းအား စတင်ဖွဲ့စည်း ရာတွင်လည်း စနစ်တကျ ဖွဲ့စည်းခဲ့ပြီး အသင်း၏ နည်းစနစ် ဒါရိုက်တာ အဖြစ် ဘယ်ဂျီယံ နိုင်ငံသား မစ္စတာ ရောဘတ်အား လည်းကောင်း၊ အသင်း အုပ်ချုပ်သူအဖြစ် ဦးစိုးမိုးလှိုင်အား လည်းကောင်း၊ အသင်း နည်းပြချုပ် အဖြစ် နိုင်ငံတကာ အတွေ့အကြုံ ရင့်ကျက်သည့် ပြင်သစ် နိုင်ငံသား မစ္စတာ ရိုဟန်အား လည်းကောင်း၊ လက်ထောက် နည်းပြများ အဖြစ် လူငယ်များအား မွေးထုတ်ပေးရာတွင် နာမည်ကြီးသည့် နည်းပြ ဦးခင်မောင်တင့်နှင့် အတူ ဦးဇော်လေးအောင်၊ ဦးအောင်ကျော်ထူး (ဂိုး) တို့ကိုလည်း အသီးသီး ခန့်အပ် တာဝန်ပေးခဲ့သည်။


ကစားသမားများ ခေါ်ယူရာတွင်လည်း အသင်းကို ဦးဆောင်မှု ပေးနိုင်ရန် အတွက် မြန်မာ့ လက်ရွေးစင်နှင့် ယခင် ဘဏ္ဍာအခွန် ကစားသမားဟောင်း ခင်မောင်ထွန်းအား အရခေါ်ယူကာ အသင်း ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်ခဲ့ပြီး၊ ခင်မောင်ထွန်းနှင့် အတူ ဘဏ္ဍာအခွန် ကစားသမားဟောင်း နာမည်ကြီး ကစားသမား များဖြစ်သည့် ရန်ပိုင်၊ ထွန်းထွန်းဝင်း၊ အောင်ကျော်မိုး၊ ပိုင်စိုးတို့အားလည်း အရခေါ်ယူခဲ့သည်။ ထို့ပြင် ပို့ဆောင်ရေး အသင်း၏ မြန်မာ့ လက်ရွေးစင် အဆင့် ကစားသမား နှစ်ဦးဖြစ်သူ ကျော်ဇေယျာမင်းနှင့် ကျော်ဇေယျာဝင်းတို့အား လည်းကောင်း၊ ဂိုးသမား အဖြစ် မြို့ တော် စည်ပင် အသင်း၏ ဂိုးသမား ယဉ်မင်းအောင်အား လည်းကောင်း ခေါ်ယူမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံခြား ကစားသမား ခေါ်ယူမှု အနေဖြင့်လည်း ထိုင်းနိုင်ငံ မောင်းတောင် ကလပ်အသင်းမှ အိုင်ဗရီကို့စ် ကစားသမားများ ဖြစ်ကြသည့် ကမ်ဘူး၊ ပက်ထရစ်၊ တိုရေး၊ ဘာဘိုနှင့် ဆာနူးတို့အား ခေါ်ယူကာ အသင်းအား အကောင်းဖြစ်စေရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ အတွေ့အကြုံရင့် ကစားသမားများ၊ နိုင်ငံခြားသား ကစားသမား များနှင့်အတူ ခြေစွမ်းခြေစ ရှိကြသည့် လူငယ် ကစားသမား များအားလည်း ထပ်မံ ခေါ်ယူအားဖြည့်ကာ မြန်မာ နေရှင်နယ်လိဂ်၏ ပထမဆုံး ချန်ပီယံ ဖြစ်ရေး တိကျပြတ်သားသည့် ရည်မှန်းချက် ထားရှိကာ အသင်းအား အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

နည်းပြချုပ်ဖြစ်သူ မစ္စတာ ရိုဟန်က “ရတနာပုံ အသင်းကို ကိုင်တွယ်ခွင့် ရလို့ စိတ်လှုပ်ရှား ၀မ်းသာမိပါတယ်။ ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်က ရတနာပုံ အက်ဖ်စီကို မြန်မာ နေရှင်နယ်လိဂ်ရဲ့ ပထမဆုံး ချန်ပီယံ ဖြစ်စေဖို့ပါပဲ” ဟု ဆိုခဲ့ကာ မန္တလေး မြို့ ခံ ပရိသတ်များ၏ အားပေးမှုကြောင့် အသင်း၏ ရည်မှန်းချက်များအား အကောင်အထည် ဖော်ဆောင်ရန် အင်အား အပြည့် ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Myanmar National League
Alpine Drinking Water
Shark
Blue Mountain