MNL History

မြန်မာနိုင်ငံတွင် ဘောလုံး ဘ၀ လမ်းကြောင်း ပြောင်းလဲနိုင်ရေး အတွက် မြန်မာနိုင်ငံ အိုလံပစ် ကောင်စီ ဥက္ကဋ္ဌကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နှင့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ၂၂ ရက်တို့တွင် တွေ့ဆုံ၍ MYANMAR NATIONAL LEAGUE ဟု အမည် ပေးထားသော မြန်မာ ပရိုလိဂ် အတွက် ချမှတ်ရေး ဆွဲထားသည့် ရှေ့လုပ်စဉ် မူကြမ်းများအား တင်ပြ အစီရင် ခံခဲ့သည်။

ယင်း ရှင်းလင်း အစီရင်ခံပွဲသို့ မြန်မာ အမျိုးသားလိဂ် ဖလား(PRO) ပြိုင်ပွဲတွင် PROFRSSIONAL အသင်းများ ဖွဲ့စည်း၍ ပါဝင် ယှဉ်ပြိုင်ကြမည့် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်ကြီး များလည်း အတူတကွ တက်ရောက် ခဲ့ကြသည်။ မြန်မာနိုင်ငံ အိုလံပစ် ကောင်စီ ဥက္ကဋ္ဌ၏ ခွင့်ပြု လမ်းညွှန်ချက် အရ MYANMAR NATIONAL LEAGUE ကို စနစ်တကျ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ PRO ဘောလုံး ပြိုင်ပွဲများ အတွက် စည်းမျဉ်း စည်းကမ်းများ ရေးဆွဲနိုင်ရန် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA)၊ အာရှဘောလုံး အဖွဲ့ချုပ် (AFC)၊ အရှေ့တောင် အာရှ ဘောလုံး အဖွဲ့ချုပ် (AFF) တို့နှင့် သာမက ဂျပန်၊ တောင်ကိုးရီးယား နိုင်ငံများ အပါအ၀င် PRO စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နေကြပြီ ဖြစ်သည့် နိုင်ငံများမှ ဘောလုံးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကြိမ်ဖန် များစွာ ဆွေးနွေး တိုင်ပင် အကြံဥာဏ်များ ရယူခဲ့သည်။

ပြည်တွင်း၌ ချပြခြင်း

ယင်းနောက် နိုင်ငံတကာ ဘောလုံး ပါရဂူများ၏ အကြံဥာဏ်ကို ရယူကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ရေးဆွဲထားသည့် မြန်မာ အမျိုးသားလိဂ် MNL စည်းကမ်း (REGULATION) မူကြမ်းကို မြန်မာ့ ဘောလုံးရေးရာ ကျွမ်းကျင်သူများ၊ မြန်မာဘောလုံး လောကမှ ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးများ၊ မြန်မာ့ ဘောလုံးနှင့် ပတ်သတ်သည့် သုံးသပ်ချက် သတင်း၊ ဆောင်းပါးများကို နှစ်ပေါင်း များစွာ ရေးသားခဲ့ကြသည့် ၀ါရင့် အားကစား ကလောင်ရှင်ကြီးများ မတ်လ(၄) ရက်နေ့ နံနက်ပိုင်းတွင် ဆီဒိုးနား ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးချပြ၍ Think Tank ပြုလုပ်ကာ လိုအပ်သည့် အကြံဥာဏ်များကို ရယူခဲ့သည်။

နိုင်ငံတကာ ပရော်ဖက်ရှင်နယ် ဘောလုံး လောကတွင် ကျင့်သုံး ဆောင်ရွက်လျက် ရှိသော ပရော်ဖက်ရှင်နယ် ဘောလုံး စည်းမျဉ်း စည်းကမ်းများအား အခြေခံ၍ လက်ရှိ မြန်မာ့ ဘောလုံး လောက အခြေအနေနှင့် အကိုက်ညီဆုံး၊ အဆင်ပြေဆုံး ဖြစ်စေနိုင်သည့် မြန်မာ နေရှင်နယ်လိဂ် စည်းမျဉ်း စည်းကမ်း မူကြမ်း စာအုပ်အား စာရေးသူတို့ Think Tank အဖွဲ့ ပြုစု ရေးဆွဲ ခဲ့ကြသည်။ မတ်လ (၁) ရက်နေ့တွင် အဆိုပါ Think Tank အဖွဲ့ဝင်များနှင့် ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံ ဆွေးနွေးပြီး မြန်မာ နေရှင်နယ်လိဂ် စည်းမျဉ်း စည်းကမ်း မူကြမ်း စာအုပ်အား အတည်ပြု ရေးဆွဲ၍ သက်ဆိုင်ရာ အသင်းများသို့ ချပြကာ စည်းမျဉ်း စည်းကမ်းများ အတိုင်း ချမှတ် အကောင်အထည် ဖော်ခဲ့ပါသည်။

ယင်းနောက်တွင် ပထမဆုံး အကြိမ် တရားဝင် သတင်းစာ ရှင်းလင်းပွဲကို မတ်လ (၄) ရက်နေ့ မွန်းလွဲပိုင်းတွင် ဆီဒိုနား ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ စာရေးသူတို့ တက်ရောက်ခဲ့သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမှုဆောင်များ၊ ပရို အသင်းများ ဖွဲ့စည်း ပေးကြသည့် အသင်းပိုင်ရှင် တိုင်းရင်းသား လုပ်ငန်းရှင်ကြီးများနှင့် အသင်း တာဝန်ရှိသူများ၊ အားကစား မီဒီယာ အပါအ၀င် အလွှာပေါင်းစုံမှ မီဒီယာများ အားလုံး တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် ဦးဇော်ဇော်က မြန်မာ နေရှင်နယ်လိဂ်ဟု အမည် ပေးထားသော မြန်မာ ပရိုလိဂ်ကြီး ကျင်းပရန် စီမံ ဆောင်ရွက်ခဲ့မှု အသေးစိတ်ကို ပရိုဂျက်တာဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားကာ မီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။ ပါဝင် ယှဉ်ပြိုင်ကြမည့် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ကမ္ဘောဇ၊ ဇေယျာရွှေမြေ၊ မကွေး၊ ဆောက်သမ်းမြန်မာ၊ ဒယ်လ်တာ ယူနိုက်တက်နှင့် ဥဿာ ယူနိုက်တက် အသင်း ပိုင်ရှင်များကလည်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

အသင်းများဖွဲ့စည်းခြင်း

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး နောက်တစ်ရက် (မတ်လ ၅ ရက်နေ့)မှ စတင်ကာ ၀န်ကြီးဋ္ဌာန အသင်းများက ၎င်းတို့၏ ကစား သမားများကို ကလပ် အသင်းများထံ သွားရောက်နိုင်ရန် စေလွှတ် ပေးခဲ့ရသည်။ မတ်လ ၁၁ ရက်နေ့ တွင် စာရေးသူတို့ Think Tank အဖွဲ့ နောက်ဆုံးအကြိမ် အစည်းအဝေး ပြုလုပ်ပြီး မူကြမ်းများကို အတည်ပြု ခဲ့ကြသည်။ ထို့နောက်တွင်တော့ အဆိုပါ စည်းမျဉ်း စည်းကမ်းများ အတိုင်း ကလပ်အသင်းများက ကစားသမားများ၊ နည်းပြများနှင့် နည်းစနစ် အဖွဲ့ဝင်များကို ခန့်အပ်ခဲ့ကြသည်။ ကလပ် အသင်းများက ကစားသမား များကို လတ်မှတ်ထိုးကြေးနှင့် လစာများ ထိုက်ထိုက် တန်တန် ပေးခဲ့ပြီး သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာန များသို့လည်း ကစားသမား များ၏ သတ်မှတ်ထားသော အဆင့်အလိုက် (၁၀)သိန်း၊ (၅)သိန်း၊ (၃)သိန်း စသဖြင့် ပြောင်းရွှေ့ကြေး ပေးခဲ့သည်။

ကစားသမား စာချုပ်ချုပ်တိုင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပပေးခဲ့ရာ စာရေးသူကိုယ်တိုင် သတင်းစာ ရှင်းလင်းပွဲ တစ်ချို့ကို သွားရောက် လေ့လာပြီး သိလိုသည်များကို မေးမြန်းခဲ့သည်။ ဧပြီလ(၃၀)ရက် နေ့ အထိ ဘောလုံးသမားများ ပရို အဖြစ်သို့ ပြောင်းလဲသည့် အသင်းလိုက် စာချုပ် ချုပ်ဆိုပွဲများ ပြုလုပ်ခဲ့သည်။ နိုင်ငံခြား ကြေးစား ဘောလုံးသမား များကို မူအခြေအနေ အရ သဘောတူ ငှားရမ်းသည့် ကာလကို မေလ (၁၅)ရက်နေ့ အထိ တိုးချဲ့ပေးခဲ့သည်။

ပွဲစဉ် ရေးဆွဲခြင်းနှင့် အသင်းများ မိတ်ဆက်ခြင်း

ဧပြီလ (၁၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ မြန်မာနေရှင်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း (၈)သင်းအား မီဒီယာများနှင့် မိတ်ဆက်ပွဲ၊ စပွန်ဆာများ စာချုပ်ချုပ် ဆိုပွဲနှင့် MNLCUP ဘောလုံး ပြိုင်ပွဲ ပွဲစဉ်အား ရေးဆွဲပွဲ အခမ်းအနားများကို တပေါင်း တစည်းတည်း ကျင်းပ ပြုလုပ်ခဲ့ရာ စာရေးသူတို့ တက်ရောက် ခဲ့ရပြန်သည်။ အဆိုပါ အခမ်းအနားသို့ ပရိုလိဂ်မှ အသင်း(၈)သင်း စလုံး တက်ရောက်ခဲ့သည်။ မေလဆန်းတွင် ရန်ကုန် ယူနိုက်တက် အသင်း၊ ရတနာပုံ အသင်း၊ ဇေယျာရွှေမြေ အသင်း၊ ဥသာ ယူနိုက်တက် အသင်းနှင့် ဒယ်တာ ယူနိုက်တက် အသင်းတို့က ယင်းအသင်းများ ကိုယ်စားပြုသည့် ဒေသရှိ ပြည်သူများ ထံသို့ အသင်း အပ်နှံ ပွဲများကို ခမ်းနား ကြီးကျယ်စွာ ကျင်းပခဲ့သည်။ ရတနာပုံ အသင်း မိတ်ဆက်ပွဲသို့ စာရေးသူ ကိုယ်တိုင် မန္တလေးမြို့သို့ သွား၍ တက်ရောက်ခဲ့သည်။

ပြိုင်ပွဲကြီး စတင်ခြင်း

ယင်းနောက် မေလ (၁၆)ရက်နေ့တွင် မြန်မာ အမျိုးသားလိဂ် ဖလား ဂရင်းရွိုင်ရယ် ၂၀၀၉ တရားဝင် ဖွင့်လှစ်သည့် အခမ်းအနားကို သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး စခန်း အားကစား ပြိုင်ပွဲကြီးတွင် တစ်ခမ်းတစ်နား ကျင်းပခဲ့သည်။ ယင်းဖွင့်ပွဲနှင့် အတူ ရန်ကုန် ယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့က မြန်မာနိုင်ငံ၏ ပထမဦး ဆုံးသော ပရိုလိဂ်ပွဲကို ယှဉ်ပြိုင် ကစားခဲ့ကြသည်။ ယင်းပြိုင်ပွဲမှ စကာ မြန်မာ ဘောလုံး ၀ါသနာရှင် များကလည်း မကြံစဖူး ထူးကဲစွာ ကြည့်ရှု အားပေး ခဲ့ကြသည်။ အသင်းများ အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ပြိုင်ပွဲမှာ တဖြည်းဖြည်း ရုပ်လုံးပေါ် လာခဲ့ရာ မြန်မာ ပရိုလိဂ် ဖလား ပြိုင်ပွဲ၏ ပထမ၊ ဒုတိယ နှင့် တတိယ နေရာ အတွက် မကွေး အသင်း၊ ရန်ကုန်ယူနိုက်တက် အသင်း၊ ရတနာပုံ အသင်းနှင့် ကမ္ဘောဇ အသင်း စသည့် အသင်းကြီး (၄)သင်းက အကြိတ်အနယ် ယှဉ်ပြိုင်လျက် ရှိသည်ကို တွေ့နေရသည်။ မည်သည့် အသင်းများ ဗိုလ်လုပွဲ တက်ရောက်မည်၊ မည်သည့် အသင်း တတိယ နေရာ ရမည်ဆိုခြင်း ကိုမူ ဇူလိုင်လ (၁)ရက်နေ့တွင် ကစားမည့် ကမ္ဘောဇ FC နှင့် မကွေး FC တို့ ကစားမည့်ပွဲ အပြီးတွင်မှ အဖြေ ထွက်ဖွယ်ရှိနေသည်။

Credit: ဆရာ ခင်မောင်ထွေး (ပျဉ်းမနား)
Myanmar National League
Alpine Drinking Water
Shark
Blue Mountain